စစ်တွေခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ သီးနှံနှင့် မြေယာလျော်ကြေးငွေများ ပေးအပ်

စစ်တွေ နိုဝင်ဘာ ၂၇

စစ်တွေခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ သီးနှံနှင့် မြေယာလျော်ကြေးငွေများ ပေးအပ်ခြင်းကို နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စစ်တွေခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က မြေယာလျော်ကြေးငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အလိုက် တစ်ဦးချင်း သီးနှံနှင့်မြေယာ လျော်ကြေးငွေများအား စစ်တွေခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ကြပြီး လျော်ကြေးငွေ လက်ခံရရှိသူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မြေယာလျော်ကြေးငွေများ ပေးအပ်ရာတွင် စစ်တွေ-မှန်စီ ကျောက်ချောလမ်းဖောက်လုပ်ရာ၌ သိမ်းဆည်းခြင်းခံရသည့် လယ်မြေ ၂ ဒသမ ၀၀ ဧကအတွက် လျော်ကြေးငွေကျပ် သိန်း ၆၀၊ စစ်တွေ မိဇံရပ်ကွက် မြို့သန့်ရှင်းသာယာ လှပရေးအတွက် သိမ်းဆည်းခံရသည့် မြေ ၀ ဒသမ ၁၂၄ ဧကအတွက် လျော်ကြေးငွေကျပ် သိန်း ၁၇၀ အပါအဝင် ပေါက်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိမ်းဆည်းခြင်းခံရသည့် လယ်မြေယာအတွက် လျော်ကြေးငွေ ၁၇၃၅ သိန်း ၆ သောင်း ၁ ထောင်တို့အား လျော်ကြေးငွေအဖြစ် ပေးအပ်ခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)