စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

စစ်တွေ  ၁၉  ဧပြီ

 

စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ ကန်တော်ကြီးအကွက်၊ မေယုလမ်း၊ ကျော် KTV စားသောက်ဆိုင်၌ ယနေ့နံနက် ၁ နာရီမထိုးမီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းရာနေရာသို့ ရခိုင်ပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်မီးသတ်တပ်ဖွဲ့မှူး၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ အုပ်ချုပ်မှုယာဉ် ၁၁ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုဖြစ်စဉ်မှာ စက်ရုံစုရပ်ကွက်၊ ကန်တော်ကြီးအကွက်၊ မေယုလမ်းနေ ဦးအောင်မြင့်ဇော်၏ ကျော် KTV စားသောက်ဆိုင် နောက်ဘက်မီးဖိုခန်းရှိ မီးသွေးမီးဖို မီးကြွင်းမီးကျန် မှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ၆၀ ပေပတ်လည် သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းအဆောက်အဦတစ်လုံး၊ ၄င်းအနီးရှိ ဦးမောင်မြသန်းနှင့် ဦးထွန်းအောင်ကျော်တို့၏ ၂၀ ပေ၊ ၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှတ် လူနေအိမ်နှစ်လုံးအပေါ်ထပ်တို့ မီးလောင်ကျွမ်းခဲ့သည်။

 

မီးလောင်ဆုံးရှုံးမှု တန်ဖိုးသိန်း ၃၀ ခန့်ရှိပြီး မီးဘေးသင့်သူများမှာ နီးစပ်ရာဆွေမျိုးများထံတွင် ယာယီခိုလုံ နေထိုင်လျှက်ရှိကာ ဦးအောင်မြင့်ဇော်အား စစ်တွေမြို့ မြို့မရဲစခန်းတွင် မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူလျှက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

2.0