စစ်တွေ ၂၅ နိုဝင်ဘာ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခုတင် (၅၀ဝ) ဆံ့ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၄)ထပ် လူနာဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဆေးရုံကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က အဖွင့်အမှာစကား ပြောကြားပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမြင့်ဝင်းက တိုးချဲ့(၄)ထပ် လူနာဆောင်သစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုးချဲ့(၄)ထပ် လူနာဆောင်သစ်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုးချဲ့ (၄)ထပ် လူနာဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမြင့်ဝင်းက``ဒီဆေးရုံကြီးကို ၂၀၁၅ ခုနှစ်မှာ ခုတင် ၅၀ဝ အဆင့်တိုးမြှင့်လိုက်တယ်။ ဒါပေမယ့် အဆောက်အဦဟောင်းဆိုတာ့ တကယ်တမ်း ခုတင် ၃၅၀ လောက်ပဲဆံ့တယ်။ ဒါ့ကြောင့် လိုအပ်တဲ့ ခုတင် အရေအတွက်ရအောင် အခုလို (၄) ထပ် အဆောက်အဦကို ဆောက်လုပ်ရခြင်း ဖြစ်ပါတယ်။ အခုလို ဆောက်လုပ်နိုင်ခဲ့ခြင်းအားဖြင့် နောက်ထပ် ခုတင် ၂၀ဝ လောက်ထည့် သွင်းနိုင်မယ်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို လည်း ဆေးရုံအနေနဲ့ ပိုမိုပြီး လုပ်ဆောင်ပေး နိုင်တော့မှာဖြစ်ပါတယ်´´ဟု ပြောသည်။
စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးကို ၁၈၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း အဆောက်အအုံအားလုံးနီးပါးပျက်စီးခဲ့ရာ စစ်ပြီးကာလ ၁၉၄၆ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ ကြောင်း၊ ၁၉၅၉ ခုနှစ်တွင် ၇၅ ခုတင်ဆံ့အဖြစ် လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် ခုတင် ၁၅၀ ဆံ့ အဖြစ်လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ခုတင် ၂၀ဝ ဆံ့ ပြည်နယ်ဆေးရုံကြီးအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ခုတင် ၅၀ဝ ဆံ့ ဆေးရုံကြီးအဖြစ်လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ခုတင် ၅၀ဝ ဆံ့ဆေးရုံအဖြစ် ဖွဲ့စည်းပုံတိုးမြှင့်ခဲ့သော်လည်း အသုံးပြုနိုင်မှုမှာ ခုတင် ၃၅၀ သာရှိကြောင်း၊ ယခုတိုးချဲ့(၄)ထပ် လူနာဆောင်သစ်အား ဖွင့်လှစ်ခြင်းအားဖြင့် ခုတင် ၂၀ဝ ခန့်ထပ်မံတိုးချဲ့ နိုင်မည်ဖြစ်ပြီး ဖျားနာလူနာကုသဆောင်၊ မျက်စိလူနာ ကုသဆောင်၊ အထူးကုပြင်ပလူနာဌာနတို့ကို ယင်းတိုးချဲ့လူနာဆောင်တွင် ပြောင်းရွေွှ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုးချဲ့(၄) ထပ်လူနာဆောင်ကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၃၃၄၀ ဒသမ ၃၂) သန်းဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့ (၁၄) က တာဝန်ယူဆောင်ရွက်ခဲ့ရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ယနေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဇင်ဦး(မြန်မာ့အလင်း)၊
ဓာတ်ပုံ-ဇော်ဇင်


