စစ်တွေ ဇန်နဝါရီ ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာန္ဒာစေတီတော်မြတ်ကြီး၌ ကျင်းပသော အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက လောကာနန္ဒာစေတီတော် မြတ်ကြီးအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ဖူးမြော် ပူဇော်ကြသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ် ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ စစ်တွေမြို့ ဒက္ခိဏာရာမ ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တဓမ္မိက က အနုမောဒနာဂါထာအား ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း အကျိုးကျေးဇူး အနုမောဒနာ တရားတော်ကို နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ဒက္ခိဏာရာမ ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလင်္ကာရက ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)