စစ်တွေ၊ ၂၅ မေ
ကဆုန်လပြည့်မြတ်ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းလောင်းပွဲတော်ကို စစ်တွေမြို့ လောကာနန္ဒာ စေတီတော် ပုရိဝုဏ်၌ မေ ၂၅ ရက် နံနက်ပိုင်းက ကျင်းပရာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပြီး ညောင်ရေသွန်းလောင်းပူဇော်သည်။
ရှေးဦးစွာ စစ်တွေမြို့၊ မဏိရတနာ ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သောမ မဟာထေရ်မြတ်ကြီးနှင့် ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့က ဦးဆောင်ကာ ညောင်ရေသွန်းလောင်းမည့် စေတီတော်ပုရိဝုဏ်အတွင်းရှိ မဟာဗောဓိ ညောင်ပင်ရှိရာနေရာသို့ ပင့်ဆောင်ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖိတ်ကြားထားသူများက ဗုဒ္ဓဆင်းထုတော်များအား ရေသပ္ပါယ်ကြပြီး ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့ အာဂျိတ်တော်ကုန်းရှိ မဟာဇေယျသိဒ္ဓိ ပဋ္ဌာန်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သော စေတီတော် အထက်ဌာပနာ ထည့်သွင်းပူဇော်ပွဲသို့ တက်ရောက်ပူဇော်သည်။ ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌက စေတီတော်အထက်ဌာပနာအတွင်း ထည့်သွင်းပူဇော်မည့် ဗုဒ္ဓဆင်းထုတော်များအား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များသည် စေတီတော် ဌာပနာတိုက်အသွင်းသို့ ဗုဒ္ဓဆင်းတုတော်များအား ထည့်သွင်းပူဇော်ကြသည်။ ယင်းနောက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးများထံ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


