စစ်တွေ၊ ၆ ဒီဇင်ဘာ
စစ်တွေမြို့မဈေးကြီးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ ဈေးသားများ ပူးပေါင်း၍ ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီက မြို့မဈေးကြီးရှေ့၌ မီးဘေးလုံခြုံရေး သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ဈေးကြီးရှေ့၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းက မီးသုံးစွဲသော ဆိုင်ခန်းများတွင် မီးသုံးစွဲမှု စနစ်တကျ ရှိစေရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျ ထားရှိရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မိမိတစ်ဦးတည်း မငြှိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းကြရန် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးကို ကျွမ်းကျင်စွာအသုံးပြုတတ်စေရန် ဈေးကော်မတီများ၊ စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဈေးသူ ဈေးသားများအား လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်စေပြီး မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုကို သရုပ်ပြကြသည်။
ထို့နောက် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ယာဉ် ဝင်ရောက်မီးငြှိမ်း သတ်နိုင်ရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်မောင်းနှင်ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ တာဝန်ရှိသူများသည် မြို့ဈေးကြီးအတွင်း မီးသတ်ဆေးဘူးများ၊ မီးသတ်ကတ်များ တပ်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး အရေးပေါ်မီးငြိမ်းသတ်နိုင်ရန် ရေပိုက်များတပ်ဆင်ထားမှု၊ ရေသိုလှောင်ထားရှိမှု၊ ဈေးအတွင်း မီးသတ်ကားဝင်ရောက် နိုင်မည့်လမ်းကြောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


