စစ်တွေ ၅ စက်တင်ဘာ
စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါဖြင့် တက်ရောက်ကုသခဲ့ပြီး ရောဂါပျောက်ကင်းသွားသူ လူနာ (၁၀)ဦးအား စက်တင်ဘာလ ၅ ရက် ညနေ ၄ နာရီခွဲတွင် ဂုဏ်ပြုအခမ်းအနား ပြုလုပ်၍ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
ယခုလို ဆင်းခွင့်ရရှိသူများမှာ COVID-19 ရောဂါ စစ်ဆေး၍ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိသူများဖြစ်ပါသည်။ ထိုဆေးရုံဆင်းခွင့်ရသူများအား သွားလာကန့်သတ်မှုများထားရှိပြီး နှစ်ပတ်အကြာတွင် ပြန်လည် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်သွားမှာဖြစ်ပါသည်။
ဆေးရုံဆင်းခွင့်ရရှိသူများအား စစ်တွေဆေးရုံအုပ်ကြီး၊ သမားတော်ကြီးတို့မှ COVID-19 ရောဂါ ပျောက်ကင်းသွားသူ (၁၀) ဦးအတွက် ဝမ်းမြောက်ဂုဏ်ပြုစကား ပြောဆိုခြင်း၊ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့် ရရှိသူများအား လိုက်နာရမည့်အချက်များကိုမှာကြားခဲ့ပြီး ရောဂါပျောက်ကင်းကြောင်းလက်မှတ်နှင့် ဂုဏ်ပြုပန်းများပေးအပ်ခဲ့ပါသည်။
ယခုလို ဆေးရုံဆင်းခွင့်ရရှိသူများအား ဂုဏ်ပြုရာတွင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ ပါဝင်ကြပြီး ဆေးရုံတက်ရောက်နေသော COVID လူနာများ ကျန်းမာစေရန် ဆုတောင်ပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
#MRTV