စစ်တွေ ၁၃ ဒီဇင်ဘာ
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၅) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့ ဓညဝတီအားကစား ကွင်းတွင် ကျင်းပပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း ၊ ဘဏ္ဍာ၊အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် မြို့မိ၊မြို့ဖ ဦးမောင်သာစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဖွင့်ပွဲအနားအနားတွင် မင်္ဂလာကျင်တွဲ သုံးတွဲဖြင့် စတင်ယှဉ်ပြိုင်ပြီး ရခိုင်မင်္ဂလာစည်တော်များ၊ ရခိုင်အဆိုတော်များက တေးသီးချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာ သည့် ဧည့်ပရိသတ် များက တစ်ခဲနက်အားပေးကြသည်။
“အရင်နှစ်က ရှုမောဖွယ်ရာ ရခိုင်ရိုးရာ ကျင်ပညာကို ယိမ်းအကပုံစံဖြင့် မြင်းများခြံရံပြီး ရခိုင် မင်္ဂလာစည် တော်များ၊ ရိုးရာအတီးအမှုတ်များဖြင့် ဖျော်ဖြေတင်ဆက်တယ်။ ကျင်ပညာပြကွက်က ၇၄ ကွက်ရှိတယ်။ ကျင်သန် သမားတွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက် ၄၄ ချက်ရှိတယ်” ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီဝင် တစ်ဦးကပြောသည်။
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲတွင် ရွှေမောင်းတန်း ပထမဆု ဆုတံဆိပ်နှင့်ငွေသားဆု (၃၂) သိန်းကျပ်၊ဒုတိယဆု ဆုတံဆိပ်နှင့်ငွေသားဆု (၂၄) သိန်းကျပ်၊ ပူးတွဲတတိယဆု ဆုတံဆိပ်နှင့်ငွေသား (၁၆)သိန်းကျပ်၊ ငွေမောင်းတန်း ပထမဆု ဆုတံဆိပ်နှင့်ငွေသားဆု (၂၄) သိန်းကျပ်၊ဒုတိယဆု ဆုတံဆိပ်နှင့်ငွေသားဆု (၁၆) သိန်းကျပ်၊ ပူးတွဲတတိယဆု ဆုတံဆိပ်နှင့်ငွေသားဆု (၁၂) သိန်းကျပ် တို့ကိုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)