စစ်တွေ   ဒီဇင်ဘာ   ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင ်ဦးစီးမှူးရုံးမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်းကာ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေစဉ် ငလျင်လှုပ်ခတ်မှုကြောင့် ဘေးအန္တရာယ် ကင်းသောနေရာတွင် ဝပ်နေခြင်း၊ ခိုင်ခံ့သော စားပွဲခုံအောက်တွင် အကာအကွယ်ယူခြင်း၊ ခိုင်ခံ့သော စားပွဲ၊ ခုံ၊ ခုတင်များကို မြဲမြံစွာကိုင်ထားခြင်းများကို ဇာတ်တိုက် လေ့ကျင့်ကြပြီး ကွင်းပြင်ရှိရာနေရာများသို့ ထွက်ခွာကြခြင်းတို့ကို ပြုလုပ်ကြသည်။ ထို့အပြင် မီးသတ်တပ်ဖွဲ့မှ အဆောက်အအုံအတွင်း ပိတ်မိနေသူများအား ရှာဖွေ ကယ်ထုတ်ခြင်းများ ဆောင်ရွက်ကာ ဒဏ်ရာရရှိသူများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းကြက်ခြေနီ တပ်ဖွဲ့များက ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပေးကြပြီး ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ခြင်းများကို ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ စစ်တွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုလေ့လာအားပေးကြပြီး တာဝန်ရှိသူများက ငလျင်ဘေး ပညာပေး၊ လက်ကမ်း စာစောင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)