စစ်တွေ ၇ နိုဝင်ဘာ
ရခိုင်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်စဉ်ကာလ လူအမြောက်အများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းအတွက် ဘက်စုံစီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့အာရီယန်ခန်း၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းက ယခုအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာကြသော ဌာနဆိုင်ရာများအနေဖြင့် မြေပြင်တွင် လက်တွေ့ဆောင်ရွက်ရမည့် အခက်အခဲများ ကြုံတွေ့နိုင်မည့်အခက်အခဲများကို ဝိုင်းဝန်း ပေါင်းစပ်ဆွေးနွေးပေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်တွင် သဘာဝဘေးအပြင် လူကြောင့်ဖြစ်သော ဘေးများလည်းကျရောက်လျှက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ယခုကဏ္ဍနှင့်ပတ်သက်၍ တတ်စွမ်းသလောက်ဆောင်ရွက်ခဲ့လျှင် ရခိုင်ပြည်နယ်အတွက် ကောင်းမွန်သော စီမံချက်တစ်ခုကိုရရှိမည်ဖြစ်သောကြောင်း ပြောကြားသည်။ ထို့နောက် IOM အဖွဲ့မှ အမျိုးသားအစီအစဉ်အရာရှိ ဒေါ်အေးသိမ့်သူက စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ IOM အဖွဲ့မှတာဝန်ရှိသူများ ပညာရှင်များတက်ရောက်ကြပြီး ဆွေးနွေးပွဲကို နှစ်ရက်ကြာကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


