နေပြည်တော် ဇူလိုင် ၁၂

 

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး စီမံချက်မှ ပြည်သူ့ကျန်းမာရေးအထူးပြု ပညာရှင်များသည် စစ်တွေ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်  စစ်တွေမြို့နယ်အတွင်း စက်ရုံစု ရပ်ကွက်၊ မကျည်း မြိုင်ရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်များသို့ သွားရောက်၍ သွေးလွန်တုပ်ကွေး ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများကို သွေးလွန်တုပ်ကွေးရောဂါ ကူးစက် ပြန့်ပွားစေသော ခြင်ကျားပိုး လောက်လမ်းပေါက်ပွားနေမှုများကို လက်တွေ့ပြသခဲ့ပြီး ခြင်မပေါက်ပွားစေရန်နှင့် ခြင်ကျား ပိုးလောက်လမ်းနှိမ်နင်းရန်အတွက်  (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများကို ကျန်းမာရေး ပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို စနစ်တကျကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေး အတွက်  လေ့ကျင့်သင်ကြားပြသခဲ့သည်။ ထို့အပြင် လူနာအခြေပြု သက်ကြီးခြင်ကောင်နှိမ်နင်းခြင်းနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)