စစ်တွေ ၁၇ ဇွန်
၂၀၁၉ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ သိန်းပေါင်း တစ်သောင်း သုံးထောင်ကျော်ကို စစ်တွေမြို့နယ်ရှိ လယ်သမားတစ်ထောင်ကျော်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် စစ်တွေဘဏ်ခွဲမှ ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးကျန်ကြီးက “စစ်တွေမြို့နယ်မှာ ကျေးရွာအုပ်စု ၂၆ အုပ်စုရှိတယ်။ အရင်နှစ်တွေက သတ်မှတ်ကာလအတွင်း အစောဆုံး ပြန်ဆပ်တဲ့ ကျေးရွာအုပ်စုတွေကို စတင်ပြီးချေးပေးပါတယ်။ ဒီနေ့ဆိုရင် ၂၄ အုပ်စုက ချေးငွေချေး ပြီးသွားပြီ။ မိသားစုအလိုက် ချေးပေးတာမဟုတ်ဘဲ တစ်ဦးချင်းအနေနဲ့ ထုတ်ချေးပေးတာပါ။ လယ်သမား တွေအနေနဲ့ လယ်ယာပိုင်ဆိုင်မှု ပုံစံ (၇) ပဲ ပြဖို့လိုပါတယ်။ တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ အများဆုံး ၁၀ ဧကအထိချေးပေးပါတယ် ” ဟုပြောသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ချေးငွေများကို မေ ၁၃ ရက်မှစတင်ကာ စစ်တွေမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးနေခြင်းဖြစ်ပြီး ယနေ့အထိ ကျေးရွာအုပ်စု ၂၄ အုပ်စုမှ လယ်သမား ၁၇၅၄ ဦး၊ လယ်ယာမြေ ၉၁၂၉ ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် ငွေကျပ်သိန်းပေါင်း ၁၃၆၉၃ သိန်းကျော်အား ထုတ်ချေးပေးပြီး ဖြစ်ကြောင်းသိရသည်။
“ဒီနှစ်ချပေးတဲ့ ချေးငွေရန်ပုံငွေက ပြီးခဲ့တဲ့နှစ်ကချေးထားတဲ့ချေးငွေအတိုင်း လယ်သမားတွေအတွက် ချပေးထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လယ်သာရှိတယ်၊ ပုံစံ(၇) ထွက်မလာသေးဘူး၊ ဒီနှစ် ပုံစံ (၇) ကျလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးတွေကနေ တဆင့် ငွေချေးချင်ပါတယ်လို့ တင်ပြလာတဲ့ လယ်သမားတွေရှိတယ်။ အဲဒီလယ်သမားတွေကျတော့ ဆက်လက်ချေးနိုင်အောင် ရန်ပုံငွေတောင်းခံပြီး ထုတ်ချေးပေးသွားပါမယ်” ဟု ဦးကျန်ကြီးက ပြောသည်။
စစ်တွေမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်နှစ်က ငွေကျပ်သိန်းပေါင်း တစ်သောင်း ငါးထောင်ကျော်ထုတ်ချေးပေးခဲ့ရာ ချေးငွေပြန်လည်ရရှိမှုမှာ ၉၉ ရာခိုင်နှုန်းကျော်ရှိပြီး ဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ချေးငွေများကို ယခင်နှစ်ချေးငွေအတိုင်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ထပ်တိုးလယ်သမားများအနေဖြင့် လယ်ယာပိုင်ဆိုင်မှုပုံစံ တင်ပြလာပါက ဘဏ်ချေးငွေကို လိုအပ်လျှင်လိုအပ်သလို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
သတင်းနှင့်ဓာတ်ပုံ-ဟန်မင်း