စစ်တွေ  အောက်တိုဘာ ၁၀

 

လူငယ်၊ လူရွယ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ် ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စစ်တွေမြို့၊ ရှုခင်းသာလမ်း(ကမ်းနားလမ်း)၌ ရွှေ့လျားစာကြည့်တိုက် Mobile Library ဖွင့်လှစ်ကာ အပတ်စဉ်စနေ နေ့တိုင်းစာအုပ်စာပေများကို အခမဲ့ ငှားရမ်းလျက်ရှိသည်။

 

ထိုသို့ ရွှေ့လျားစာကြည့်တိုက်ဖွင့်လှစ်ချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်တွင် မည်သူမဆို တနင်္လာနေ့မှ သောကြာနေ့အထိ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှု့နိုင်မှုနှင့် Wifi အခမဲ့အသုံးပြုနိုင်မှုတို့ကို ကမ်းနားလမ်းတွင် အပန်းဖြေသူများ၊ ကျန်းမာရေးအတွက် လမ်းလျှောက်နေသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် သတင်းစကားပါး လျက်ရှိသည်။

 

ရွှေ့လျားစာကြည့်တိုက် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ စစ်တွေခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးအောင်က “ကျွန်မတို့ စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်က တနင်္လာနေ့ကနေ သောကြာနေ့ထိ ပုံမှန်ဖွင့်လှစ်ပြီးတော့ စာအုပ်၊ စာပေတွေကို အခမဲ့ငှားပေးနေပါတယ်၊ ဒီကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အချိန်မှာတော့ စာကြည့်တိုက်ကို ခေတ္တပိတ်ထားခဲ့ရပါတယ်၊ ဒါကြောင့် စာပေဝါသနာရှင်မိတ်ဆွေတွေတို့ အသိပေးတဲ့အနေနဲ့ရော၊ လူငယ်တွေကို စာအုပ်ပေတွေ ဖတ်ရှုလာစေချင်တဲ့သဘောနဲ့ပါ အခုလိုမျိုး ရွှေ့လျားစာကြည့်တိုက်ဖွင့်လှစ်တာတွေကို လက်ကမ်းစာစောင် ဖြန့်ဝေ တာတွေကို လုပ်ဆောင်တာဖြစ်ပါတယ်”ဟုပြောကြားသည်။

 

စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်မှ စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များနှင့် အသင်းအဖွဲ့များသို့ သွားရောက်ပြီး ငှားရမ်းပေးလျက်ရှိပြီး ယနေ့တွင်လည်း ကမ်းနားလမ်းတွင် အပန်းဖြေသူများ၊ ကျန်းမာရေးအတွက် လမ်းလျှောက်နေသူများက မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်စာပေများ၊ စာစောင်များကို အေးချမ်းစွာ ဖတ်ရှုခဲ့ကြသည်။

 

အဆိုပါ ရွှေ့လျား စာကြည့်တိုက်များတွင် သုတစာပေ၊ ရသစာပေ၊ ကလေးများအတွက် စာအုပ်များ၊ ဘာသာပြန် စာပေများနှင့် ရခိုင်စာအုပ်စာပေများကို ထားရှိပြီး မိမိကြိုက်နှစ်သက်ရာ  စာအုပ်များကို  အခမဲ့ငှားယူဖတ်ရူနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)