စစ်တွေ ၂၄ နိုဝင်ဘာ
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် စစ်တွေမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) နှင့် Face Shield ဖြန့်ဝေမှု Campaign နှင့် အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက စတင်ကာ စစ်တွေမြို့ မြို့မစျေးအပါအဝင် နေရာခုနှစ်ခုတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းစေရေးနှင့် ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေးပြီး အလေ့အကျင့်မှ အလေ့အထဖြစ်စေရေး၊ အပြင်သို့မဖြစ်မနေထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးညွှန်ကြားချက်များအား ပြည်သူများမှ ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်(၁၉) ရောဂါကူးစက်မှုကို လျော့နည်းစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ နှာခေါင်းစည်း(Mask)နှင့် Face shieldများ ဖြန့်ဝေခြင်းကို စစ်တွေမြို့ပေါ်ရှိ လူစည်ကားရာ နေရာများဖြစ်သည့်မြို့မစျေး၊ မိဇံပန်းခြံအနီး၊ ဝင်ကဘာကွင်း၊ ဆတ်ရိုးကျကယ်ဆယ်ရေး စခန်းအနီး၊ မင်းဂံစျေး၊ မြို့အဝင်ကားဂိတ်နှင့်စက်ရုံစုရပ်ကွက်များတွင် ပြုလုပ်ခဲ့ကြပြီး၊ နေရာတစ်နေရာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ၅၀၀၀ စီနှင့် Face shield ၅၀၀ စီတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)


