စစ်တွေ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဝင်းအတွင်း၌ ပြုလုပ်သည့် တက္ကသိုလ်ဓမ္မာရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို ပန္နက်တင်မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တက္ကသိုလ်မှ တာဝန်ရှိသူများက ဆရာတော်ကြီးများထံ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပန္နက်တိုင်တို့ကို ဆက်ကပ် လှူဒါန်းကြပြီး ကမ္ဘာ့ဗုဒ္ဓသာသနာပြု အဓိဋ္ဌာန်ဆရာတော်ကြီးအမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များ နာကြားကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန် ကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဓမ္မာရုံဆောက်လုပ်မည့်နေရာ၌ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ပန္နက်တင်မင်္ဂလာ ပြုလုပ် ပေးကြကာ အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
စစ်တွေတက္ကသိုလ် ဓမ္မာရုံကို စစ်တွေတက္ကသိုလ်ဝင်းအတွင်း၌ အလျား ၁၂၅ ပေ၊ အနံ ၇၆ ပေအရွယ် တည်ဆောက် သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အလှူငွေကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့ပြီး စစ်တွေတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကလည်း အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)


