ကျောက်ကြီး   ၁၄   မေ

 

ကျောက်ကြီးမြို့နယ်ရှိ စောင့်ကြည့်ရေးစခန်းတွင် သောက်စားမူးယစ်ရမ်းကားသူ အမျိုးသားတစ်ဦးကို အရေးယူခဲ့ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တရားရုံးမှ  မေ ၁၃ ရက် မွန်းလွဲပိုင်း စောင့်ကြည့်စခန်းတွင် သောက်စားမူးယစ်ရမ်းကားသူ အမျိုးသားတစ်ဦးအား မွန်းလွဲပိုင်းက အလုပ်နှင့်ထောင်ဒဏ် သုံးလ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

ထိုင်နိုင်ငံမှ မေ ၆ ရက်နေ့က ပြန်လာသော  တုံးကြီးကျေးရွာနေသူ အသက် (၃၈) နှစ်ရှိ အဆိုပါအမျိုးသားအား ကျောက်ကြီးမြို့ သိန်တန်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှိ စောင့်ကြည့်စခန်းတွင် ၂၁ စောင့်ကြည့်သူအဖြစ်ထားရှိခဲ့ရာ ၎င်းနေ့ ညနေပိုင်းတွင် မည်သူမျှမသိအောင် ပြန်သွားခဲ့ပြီး သောက်စားမူးယစ်ကာပြန်လည်ရောက်ရှိလာခြင်း၊ နောက်တစ်နေ့ မေ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် Quarantine စင်တာ၌ သောက်စားမူးယစ်ကာ ညနေပိုင်းတွင် ဒုတိယအကြိမ် မူးယစ်သောက်စားခြင်းများ ပြုလုပ်၍ တာဝန်ရှိသူများအား ခြိမ်းခြောက်ရမ်းကားခြင်းများပြုလုပ်ခဲ့သဖြင့် မေ ၁၃ ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူးမှ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ အရ အရေးယူပေးပါရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

 

ယင်းကြော့် ကျောက်ကြီးမြို့နယ်တရားရုံးက လက်ခံစစ်ဆေးပြီး ၎င်းအား အလုပ်နှင့် ထောင်ဒဏ် သုံးလတိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)