စေ့စပ်ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ အောင်မြင်ရာသည်

ဖေဖော်ဝါရီ

ယခု ၂ဝ၁၈ ခုနှစ်အတွင်း ချင်းနင်းဝင်ရောက်ခဲ့သည်မှာ တစ်လစွန်းစွန်း ရှိလာခဲ့ပါပြီ။ မကြာမီ ပြည်ထောင်စုနေ့သို့ပင် ရောက်ပါတော့မည်။ တစ်လ ကျော် ကာလအတွင်း သတင်းဆိုးရော၊ သတင်းကောင်းများပါ ခပ်စိပ်စိပ် တွေ့မြင်လာရသည်။ ၂ဝ၁၈ ကို မင်္ဂလာနှစ်ဟုဆိုသူရှိသလို အဝင်ကြမ်းသော နှစ်ဟု ဆိုသူလည်းရှိလေသည်။

 

 

မြန်မာနိုင်ငံမြောက်ဖျားတွင် တိုက်ပွဲသံများကြားနေရခြင်း၊ ရခိုင် ပြည်နယ် မြောက်ဦးမြို့တွင် လူသေဆုံးခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ ခြင်းမှာ သတင်းဆိုးများပင် ဖြစ်ပါသည်။ အကြောင်းရင်းခံများ၊ ဖြေရှင်းခဲ့ကြသော ဖြစ်စဉ်များ၊ အမျိုးမျိုးသော ဖြေရှင်းမှုများရှိသည့်တိုင် သတင်း ကောင်းဟု မဆိုနိုင်သောကိစ္စများသာ ဖြစ်ပါသည်။ သတင်းကောင်းဟု ဆိုနိုင်သောကိစ္စမှာ မကြာမီရက်ပိုင်းအတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က ကတိပြုပြောဆိုခဲ့သည့်အတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်UNFC အဖွဲ့ဝင် အခြားတစ်ဖွဲ့တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည်ဆိုသော သတင်းပင်ဖြစ်သည်။ ဖေဖော်ဝါရီလ ရက်နေ့က (၇၁) နှစ်မြောက် မွန်အမျိုးသားနေ့ ညစာ စားပွဲကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် အပါအဝင် မွန်ပြည်နယ်မြို့တော်တွင်လည်း မွန်အမျိုးသားနေ့ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင် ရသည်။ မွန်ပြည်နယ်အလုံးစုံ အေးချမ်းသွားမှုသည် မွန်ပြည်နယ်မှ မိဘ ပြည်သူများ အမျှော်လင့်ဆုံးအရာပင်ဖြစ်သည်။

 

 

ဖေဖော်ဝါရီလ ရက်နေ့ကပင် ဒုတိယအကြိမ်လွှတ်တော် နှစ်နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုအခမ်းအနားနှစ်ခုစလုံးတွင် ပြောကြား ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းများတွင်လည်း မှတ်သား ဖွယ်ရာ၊ ကြည်နူးချမ်းမြေ့ဖွယ်ရာ အပြည့်ပါဝင်နေပါသည်။

 

 

သတင်းဆိုးကား မန္တလေးတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြသည့် သတင်းနှင့် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများဟု ဆိုရပါမည်။ လွတ်လပ်ရေးမရမီခေတ်ကတည်းကစ၍ ကျောင်းသားလှုပ်ရှားမှုများသည် အရေးပါခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အလားတူ သံဃာတော်များ၏ ပါဝင်ဆောင်ရွက်မှုများသည်လည်း အရေးပါခဲ့သည်။ အလားတူပင် လူထု တစ်ရပ်လုံး၏ ပါဝင်ဆင်နွှဲမှုများက အပြောင်းအလဲများကို ဖြစ်စေခဲ့ခြင်း ဖြစ်ပါသည်။ ၈၈ အရေးတော်ပုံကို ပြန်ကြည့်လျှင် ကျောင်းသားများက စတင်လိုက်သည်မှန်သော်လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုတစ်ရပ်လုံး ပါဝင်လာမှုက အဆုံးအဖြတ် အနေအထားတစ်ခုသို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်ပါသည်။

 

 

ထိုအပြောင်းအလဲကြောင့်ပင်လျှင် လူထုဆန္ဒမဲအများစုဖြင့် တက်လာ သော အရပ်သားအစိုးရ ယခုပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ သို့သော် ထိုသို့ပေါ်ပေါက်ရန်အတွက်ပင်လျှင် နှစ်ပေါင်း ၂ဝ ကျော် ဆင်းရဲပင်ပန်းခံ၊ ဖိနှိပ်ခံ၍ ကြံ့ကြံ့ခံဆောင်ရွက်ခဲ့ကြရသည်မှာလည်း အားလုံးအသိပင်ဖြစ်ပေသည်။ လက်ရှိနိုင်ငံရေးသည် အတိတ်ကနိုင်ငံရေးနှင့် မတူတော့သည် ကိုလည်း အနှစ်သာရကျကျသိမြင်ဖို့ လိုနေသည်။ ယခုလူထုရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှတစ်ဆင့် ဥပဒေများပြုစုလျက် ရှိရာ ဥပဒေပြုဖြစ်စဉ်များကိုလည်း နားလည်သဘောပေါက်ရန် လိုပါသည်။

 

 

ယနေ့ကာလတွင် မည်သူတစ်ဦးတစ်ယောက်ကမှ ဥပဒေတစ်ရပ်ကို ဖြစ်စေရန် တစ်ထိုင်တည်းဆုံးဖြတ် အာမခံချက်ပေးနိုင်မည် မဟုတ်ပေ။ ကျောင်းသားများအပါအဝင် အကျိုးစီးပွားလိုလားသူအုပ်စုတိုင်းသည် လွှတ်တော်ကို လော်ဘီလုပ်ရန်လိုသည်။ လွှတ်တော်များကလည်း နားထောင်ရန်အသင့်ရှိပြီး လမ်းကြောင်းများ ဖွင့်ပေးထားသည်ကို လေ့လာလျှင် တွေ့ရှိနိုင်ပါသည်။ အမြင့်ဆုံး တောင်းဆိုချက်တစ်ခုကိုတင်၍ အကျပ်အတည်းဖြစ်စေခြင်းထက် စေ့စပ်ဆွေးနွေးသော ဒိုင်ယာလော့ နည်းကို သုံးရပါမည်။ ဒီမိုကရေစီသည် ဒိုင်ယာလော့ယဉ်ကျေးမှုပင် ဖြစ်သည်။

 

 

ကျောင်းသားများသည် ပင်ကိုအားဖြင့် နိုင်ငံအကျိုး၊ ပြည်ထောင်စု အကျိုး လိုလားကြသူများဖြစ်ကြသည်။ အလားတူ အစိုးရ၊ လွှတ်တော်တို့ သည်လည်း နိုင်ငံအကျိုး၊ ပြည်ထောင်စုအကျိုးအတွက် နှစ်ပေါင်းများစွာ အနစ်နာခံကာ ဆောင်ရွက်ခဲ့သူများဖြစ်ရာ မည်သည့်ကိစ္စကိုမဆို လမ်းကြောင်းမှန်များအတိုင်း ဆောင်ရွက်လျှင် မအောင်မြင်စရာ၊ မပြေလည်စရာအကြောင်း မရှိဟုဆိုချင်ပါသည်။ မြန်မာ့အလင်း