mdn

နေပြည်တော် ၁၆ ဇွန်

 

လူ့သဘာဝအရ လူအချင်းချင်းဆက်ဆံရေးမှာ တစ်ဦးနှင့်တစ်ဦး အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်ညီညွတ်နေဖို့ဆိုသည်က မဖြစ်နိုင်ဟု ဆိုနိုင်ချေသည်။

 

မိတ်ဆွေများအကြား၊ ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများအကြား တို့မှာသာ မဟုတ်ဘဲ ချစ်သူချင်း၊ ဇနီးခင်ပွန်းချင်းအကြား၊ မိဘနှင့်သားသမီး အကြား တို့တွင်ပင် သဘောထားကွဲလွဲမှုများ ရှိတတ်ကြခြင်းသည်ကား လောကဓမ္မတာဟု ဆိုရပါမည်။ လောကလူမှုသဘာဝအရ ဤသို့ မတူညီ သည့်သဘောထား အယူအဆများကြားမှာပင် သင့်မြတ် ချစ်ကြည်စွာနေကြခြင်းက ငြိမ်းချမ်းသော အသိုက်အမြုံများကို ဖန်တီး နိုင်ရန်ဖြစ်လေသည်။

 

မသင့်မတင့်ဖြစ်တိုင်း တုတ်ဆွဲ၊ ဓားဆွဲ၊ ဆဲဆိုကြိမ်းမောင်းရင်း ရန်ပြု နေသည့် မိသားစုများတွင် ဘယ်သောအခါမှ တာရှည်လေးမြင့်သည့် အေးချမ်းသာယာမှုမျိုး ရရှိလိမ့်မည်ဟု မထင်ပါ။ မိမိနှင့် အယူအဆအားဖြင့် သဘောထားအားဖြင့် မတူညီမှု၊ ကွဲလွဲမှုရှိနိုင်သည်ဟူသည့် စိတ်ဓာတ် အရင်းခံဖြင့် သူတစ်ပါး၏ သဘောထားကို နားလည်ခြင်း၊ မိမိကဝေဖန်သလို မိမိကိုဝေဖန်သည်ကို လက်ခံကာ ပြုပြင်စရာရှိလျင် ပြုပြင်ခြင်းဖြင့် ယဉ်ကျေးသည့် လူမှုအဝန်းအဝိုင်း ဖန်တီးယူရခြင်းဖြစ်ချေသည်။

 

ဤသို့သော ယဉ်ကျေးဖွယ်ရာသည့် အမူအကျင့်၊ ဓလေ့စရိုက်တို့သည် ငယ်ရွယ်စဉ်ကတည်းက သင်ကြားလေ့ကျင့်ပေးရင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရသည်ဖြစ်၏။ တိုးတက်မြင့်မားနေပြီဖြစ်သော နိုင်ငံကြီးများတွင် သည်လိုအလေ့အထကို မူလတန်းပညာရေး သင်ကြားရေးစနစ်တွင် ထည့်သွင်းကာ အနာဂတ်နိုင်ငံတော်အတွက် ရင့်ကျက်သည့်နိုင်ငံသား ဖြစ်အောင် လေ့ကျင့်ပေးလေ၏။

 

ဤသို့သော ယဉ်ကျေးသည့်အထုံဓလေ့သည် မည်မျှလောက် လိုအပ်သည်၊ ကောင်းမွန်သည် ဆိုခြင်းကို သိသော်ငြားလည်း ရင်ထဲ၊ အသည်းထဲ၊ ရိုးတွင်းခြင်ဆီထဲက သိသည့်၊ ဆောင်ရွက်သည့် အကျင့်စရိုက် မျိုးဖြစ်ကာ ရင့်ကျက်လာရေးသည်ကား ပြုစုပျိုးထောင်လေ့ကျင့်ရန် လိုအပ်မည် ဖြစ်ပါသည်။

 

ငြိမ်းချမ်းလိုစိတ်၊ အခြားသူကို ညှာတာ ကိုယ်ချင်းစာစိတ်တို့ကို မွေးမြူနိုင်ရေးက နိုင်ငံနှင့်ချီ လိုအပ်သော သဘောထားများပါပေ။ နိုင်ငံမှာက သင်ခန်းစာယူမည်ဆိုလျင် ကြေကွဲဝမ်းနည်းမှု များစွာဖြင့် ရယူနိုင်သည့် အတွေ့အကြုံများက မနည်းမနောရှိချေသည်။ အယူအဆချင်းမတူလျှင် မိမိ၏အလိုလောဘရှိလာလျှင် ရက်စက် ကြမ်းကြုတ်သော တုံ့ပြန်မှုမျိုးကလွဲ၍ ဘာကိုမှမမြင်နိုင်တော့ သည့် မယဉ်ကျေးမှုများက သမိုင်းနှင့်ချီ၍ နစ်နာစေခဲ့ပြီ။

 

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ဦးအုန်းမောင် အစရှိသည့် နိုင်ငံက အားကိုးရမည့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုက နိုင်ငံအတွက် မည်မျှဆုံးရှုံးနစ်နာခဲ့သည်ကို ဖြတ်သန်းခဲ့သောခေတ် အတွေ့ အကြုံများနှင့်ယှဉ်၍ သိခဲ့ကြပြီး ဖြစ်ပါသည်။ အယူအဆမတူညီသော်လည်း နယ်ချဲ့တော်လှန်ရေး သမိုင်းတွင် အရေးပါခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်အမြောက်အမြားတို့ စစ်ပွဲများအတွင်း ကွယ်လွန်ဆုံးရှုံးခဲ့ရသော အဖြစ်အပျက်များကလည်း မညီညွတ်မှုများ၏ ရလဒ်များအဖြစ် မှတ်ယူ နိုင်ပါလိမ့်မည်။

 

ရှည်ကြာလှသော စစ်ပွဲများအတွင်းမှာ တိုင်းရင်းသားများ၊ နိုင်ငံရေး အယူအဆမတူညီကြသူများ၊ တပ်မတော်သားများ၊ အပြစ်မဲ့ ပြည်သူ ပြည်သားများ များစွာ များစွာ စတေးခံခဲ့ကြရသည်။

 

မည်သည့်ဘက်က ထိခိုက်ဆုံးရှုံးရသူဖြစ်စေ၊ သည်နိုင်ငံသားများသာ။ မိသားစုချင်း၊ ရဲဘော် ရဲဘက်ချင်း မညှိနှိုင်းနိုင်၊ မညီညွတ်နိုင်၊ မစေ့စပ်နိုင် ဖြစ်ကြရသည့်အခါ ဆုံးရှုံးရသည်က မိမိတို့ မိသားစုဝင်များသာ။

 

မတူညီမှုများကို မည်သို့မျက်နှာချင်းဆိုင်ကာ ဆွေးနွေးညှိနှိုင်းကြမည်၊ မည်သို့စေ့စပ်ကြမည်ဆိုခြင်းကို အလေးအနက်ထားကြခြင်းကသာ နိုင်ငံသူ နိုင်ငံသားအားလုံး မျှော်လင့်နေကြသည့် စစ်မှန်သော ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိစေမည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း