မကွေး ၃၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ရွှေသည် မင်းဘူးခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်း၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသိန်းကိုကိုထွန်း၊ ပွင့်ဖြူငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးဉာဏ်ဝင်းတို့ လိုက်ပါလျက် ပွင့်ဖြူမြို့နယ်၊ သာဂရကျေးရွာ ငါးမွေးတောင်သူ ဦးသောင်းနှင့် ဦးကုလားတို့၏ ငါးမွေးကန်များသို့ ယမန်နေ့က သွားရောက်ပြီး CERP အစီ အစဉ်အရ ထောက်ပံ့ပေးအပ်ခဲ့သည့် ငါးများ၏ ကြီးထွားရှင်သန်နှုန်းများကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ငါးမွေးမြူသည့် ကာလ ၄ လ၊ ၁၄ ရက်မှာ ကြီးထွားနှုန်းပျမ်းမျှ ၄ လက်မ မှ ၈ လက်မထိ၊ အလေးချိန်ပျမ်းမျှ ၄ ကျပ်သား မှ ၇ ကျပ်သားထိ၊ ရှင်သန်နှုန်း ၆၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း တွေ့ရှိရပြီး တိုင်းဦးစီးဌာနမှူးမှ ငါးမွေးတောင်သူများအား ငါးမွေးမြူရာတွင် တွေ့ရှိရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဦးစီးဌာနမှူးနှင့်အဖွဲ့သည် ပွင့်ဖြူငါးလုပ်ငန်းစခန်းသို့ ရောက်ရှိလာပြီး စခန်းတာဝန်ခံမှ ငါးလုပ်ငန်း စခန်းတွင် လက်ရှိဆောင်ရွက်ထားသည့် အခြေအနေများ၊ စခန်းသန့်ရှင်းသာယာ၊ လှပရေးဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့ရာ တိုင်းဦးစီးဌာနမှူးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


