မန္တလေး၊ ၁၃ ဒီဇင်ဘာ

 

မန္တလေးမြို့ အမရပူရမြို့နယ် ကန်ရိုးရွာတွင် CERP (Covid-19 Economic Relief Plan) ကိုဗစ်-၁၉ အလွန်ကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးခင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမရပူရမြို့နယ် စက်မှူလယ်ယာ ဦးစီးဌာနက   ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ဝန်ဆောင်မှုပေးကာ ရိတ်သိမ်းခြွေလှေ့ပေးလျက်ရာ စပါးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် မိုးစပါးစိုက်ပျိုးမှုတွင် အမရပူရမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် စပါးစိုက်တောင်သူများကို မျိုးစပါးဝယ်ယူရန်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ စက်ဖြင့်စိုက်ပျိုးနိုင်ရန် စပါးပျိုးထောင်ခြင်းအတွက် နည်းပညာပေးကာ စိုက်နိုင်သည့်အရွယ်အထိ ကြီးကြပ်ပေးခြင်း၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပေးခြင်း၊ စက်ဖြင့် ကြားပေါင်းလိုက်သမန်းနှိုးမှု ပြုလုပ်ပေးခြင်း၊ စပါးများကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေးခြင်းများကို ပြုလုပ်ခဲ့သည်။

 

စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် စက်စွမ်းအား ဝန်ထမ်းစွမ်းအားဖြင့် ကူညီပေးပြီး တောင်သူများ အနေဖြင့် ဆီဖိုးသာကျခံရသည်။ လက်ရှိကာလ အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက CERP အစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးရာတွင် စုစုပေါင်း စပါးစိုက်ဧက (၂၄၃)ဧက ကူညီဝန်ဆောင်မှု ပေးခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ခရိုင်းဦးစီးအရာရှိ ဦးသိန်းထွန်းဇံထံက သိရသည်။

 

နွေနဒီ(မြစ်ငယ်)

 

mdn