ကျောက်ထု    ၂၂   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် စိုက်ပျိုးထုတ်လုပ်သော (CERP) အစီအစဉ်အရ မျိုးသန့်မျိုးပွားမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်းကို တေးကျေးရွာနှင့် လယ်ဆောကျေးရွာများတွင် ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်က ရိတ်သိမ်းကြသည်။

 

ထိုသို့စံကွက်ရိတ်သိမ်းရာတွင် လယ်ဆောကျေးရွာရှိ တောင်သူ ဒေါ်ဝင်းမာ၏လယ်ယာမြေ ကွင်းအမှတ် (၅၄) ရှိ ဆင်းသုခ မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စိုက်ကွင်း (၁၀) ဧကတွင်လည်းကောင်း၊ တေးကျေးရွာရှိ တောင်သူဒေါ်ဝင်းမာ၏ ဆင်းသုခမျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စိုက်ကွင်း (၁)ဧကတွင်လည်းကောင်း ရိတ်သိမ်းကြသည်။

 

ထိုသို့စံကွက်ရိတ်သိမ်းရာတွင် ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်၊ ကျောက်ထုမြို့စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးကျော်မြင့်နှင့် ဝန်ထမ်းများ၊ ကျောက်ထုမြို့လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးညိုဝင်းနှင့်ဝန်ထမ်းများတို့က ရိတ်သိမ်းကြ၍ တစ်နှံပါ ပင်ပွား၊ တစ်နှံပါအောင်စေ့၊ စံနှုန်းအလေးချိန်တို့ကို တိုင်းတာခဲ့ကြောင်း သိရှိရသည်။

 

ကျောက်ထုဒေသရှိ (CERP) အစီအစဉ်အရ စိုက်ပျိုးထားရှိသော ဆင်းသုခ မျိုးသန့်မျိုးပွား မျိုးစေ့ထုတ် စိုက်ခင်းများတွင် စိုက်ပျိုးထားရှိသော စပါးများအား စံကွက်ရိတ်သိမ်းပြီး မှတ်တမ်းရယူရာတွင် အနည်းဆုံး တစ်ဧက အထွက်နှုန်း (၁၁၀) မှ(၁၂၅) တင်းအတွင်း ထွက်ရှိကြောင်း စံကွက်ရိတ်သိမ်းမှု မှတ်တမ်းများအရ သိရသည်။

 

မောဟေမာန်(ပြန်/ဆက်)