မကွေး ၇ ဇန်နဝါရီ
မကွေးမြို့ ဧရာဝတီမြစ်ကမ်းခြေရှိ မြသလွန်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီးဖြစ်၍ အထွဋ်အမြတ်ဖြစ်ရာစေတီဦး၌ ရတနာငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အား ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း၌ ကပ်လှူပူဇော်ကာခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရှိရသည်။
မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယရံသီ တန်ဆောင်တော်ကြီးအတွင်း၌ ပြုလုပ်သည့် ပူဇော်ပွဲ၌ နိုင်ငံတော် သြဝါဒစရိယ၊ ရာဇမုနိတောင်ပေါ်ကျောင်းတိုက်၊ ပဓာနနာယက(မဟာသဒ္ဓမ္မ ဇောတကဓဇ)၊ ဘဒ္ဒန္တကေလာသ သက်တော်ရှည် ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း ၊ ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများနှင့် ပရိတ်တော် (ချည် ၊ သဲ ၊ ပန်း ၊ ရေ)များ ကပ်လှူ ပူဇော်ခြင်း ၊ ပရိတ်တရားများနာယူခြင်း ၊ အလှူရှင်များ၏စာရင်းကို သာဓုခေါ်နိုင်ရန် ဖတ်ကြားခြင်း ၊ တရားနာယူ၍ ရေစက်သွန်းချ အမျှဝေခြင်းများကို နံနက် ၇နာရီအချိန်၌ စတင်ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ရတနာငှက်မြတ်နားတော် နှင့် စိန်ဖူးတော်အား မြသွန်စေတီတော်မြတ်ကြီးအား လက်ယာရစ် (၃)ပတ် လှည့်ပူဇော်ခံ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ ၊ မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတာ နှင့် တာဝန်ရှိသူများ ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ စေတီတော် ဂေါပကအဖွဲနှင့် ဥပါသကာများက စေတီဦးထက်သို့ ပန်းရထားဖြင့် တင်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ရတနာငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တင်လှူပွဲအောင်မြင်ကြောင်း ကြွေးကြော်ခဲ့ကြပြီး အောင်စည် ၊ အောင်မောင်း ၊ အောင်ငွေခရု(၃)ကြိမ်တီးမှုတ်ပူဇော်ကာ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းခဲ့ကြကြောင်း သိရသည်။

“ လုံတော်ပြည့်ရွှေသင်္ကန်းကပ်တာအပါအဝင် စိန်ဖူးတော်တင်ပူဇော်မှုအားလုံးအတွက် ဘဏ္ဍာတော်ငွေ သိန်း ၆၀ဝ၀ လောက်သုံးစွဲခဲ့ပါတယ်။ စေတနာရှင်ပြည်သူများရဲ့ သဒ္ဓါတရားကလည်း ဘယ်လောက် အံ့မခန်း ဖြစ်လောက်သလဲဆိုရင် စိန်ရွှေရတနာ ပစ္စည်းအရေအတွက်ပေါင်း တစ်ထောင်ကျော်ကို လှူဒါန်းခဲ့ကြပါတယ်။ ရွှေသင်္ကန်းမကပ်ခင်ကရှိခဲ့တဲ့ ဘဏ္ဍာတော် ငွေဟာ ယုတ်လျော့မသွားဘဲ ဒီနေ့ကပ်လှူပူဇော်ပွဲပြီးတဲ့ထိ ခန့်မှန်းစာရင်းအရ သိန်း ၁၅၀ လောက်တောင် ထပ်ပြီး တိုးပွားလာ ပါတယ် ။ လက်ရှိမှာ ဘဏ္ဍာတော်ငွေ သိန်းငါးသောင်းလောက် ရှိနေပါတယ် ” ဟု မြသလွန်ဂေါပက ဒုဥက္ကဌ ဦးအေးကျော်က ပြောပြသည်။
မြသလွန်စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူရန် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ရက်နေ့မှစ၍ ငြမ်းဆင်ခြင်း ၊ စက်တင်ဘာလ ၁ရက်နေ့မှစ၍ စစ်စေးသုတ်ခြင်း ၊ အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရွှေပြားရွှေဆိုင်း ၆၆၅၀ ကို ကပ်လှူခြင်း ၊ ရွှေရွဲလုံးကြီး ၁၇ လုံး နဲ့ တမာချွန် ၅၇ ခု ၊ မုခ်အကြီး၊ အလတ်၊ အသေး အချပ်ရေ ၉၀ ကျော်ကိုလည်း လဲလှယ်ပူဇော်ခြင်း ၊ သက်တမ်း ၃၅ နှစ်ရှိ ဘုံ(၁၄)ဆင့်ပါ ရွှေစင်ထီးတော်ကြီး၌ ရွှေစင်ရွှေပြားအသစ် အချပ်ရေ ၁၀ဝ ခန့်ကို လဲလှယ်ပူဇော်ခြင်းများ လုပ် ဆောင်ခဲ့သည်။
စိန်ဖူးတော် နှင့် ဌက်မြတ်နားတော်တို့ကို ၂၀-၁၂-၂၀၁၉ ရက်နေ့မှစ၍ မြမဉ္ဖာဓမ္မသဘင် ခန်းမတွင် နံနက် ၈နာရီ မှ ည၈နာရီ ထိ အပူဇော်ခံထားရှိခဲ့ရာ ဖူးမြော်မဝဖြစ်လာသည့် သဒ္ဓါရှင်ပြည်သူများက စိန်၊ရွှေ၊ရတနာ လက်စွပ်၊လက် ကောက်၊ ဆွဲကြိုး ၊နားကပ် စသည့် ရတနာ အမျိုးအစား အရေအတွက်ပေါင်း တစ်ထောင်ကျော်ကို လှူဒါန်းခဲ့ကြောင်း ၊ ဇန်နဝါရီ ၁၇ရက်နေ့မှာ သံဃာတော် (၁၀၈)ပါးကို ပင့်ဖိတ်ပြီး ဗုဒ္ဓဘိသေကအနေဇာတင် အခမ်းအနားကျင်းပပူဇော်သွားမည် ဖြစ်ကြောင်း ဂေါပက အဖွဲ့မှ သိရသည်။
ဇေယျတု(မကွေး)