မိုးနဲ ၈ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ)နှင့် တောင်ကြီးဌာနခွဲတို့ပူးပေါင်းမှုဖြင့် စေတီဘုရားများ တွင် ပေါက်ရောက်နေသော သစ်ပင်ကြီးများအား ပေါင်းသတ်ဆေး အသုံးပြု၍ စနစ်တကျသတ်နည်း လက်တွေ့သရုပ်ပြ ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ဥယျာဉ်ရပ်ကွက်ရှိ ဗိုလ်မှူးမင်းသား (ရှေးဟောင်းစေတီ)နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ ဦးစီးမှူး ဦးသန်းကျော်ဦး နှင့်တောင်ကြီးဌာနခွဲမှ တာဝန်ရှိသူများ ကပေါင်းသတ်ဆေးကိုင်တွယ်အသုံးပြုပုံ ၊သစ်ပင်သတ် အထောက်အကူပြုပစ္စည်းများ အသုံးပြုပုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စေတီတွင် ပေါက်ရောက်နေသော သစ်ပင်ကြီးများ အားစနစ်တကျ သတ်နည်းကိုလက်တွေ့ လုပ်ဆောင်ပြသခဲ့သည်။
အဆိုပါနေရာသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဝိဇ္ဇာရိယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ ၊မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ၊မြို့နယ် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


