အောင်နိုင်ဦး(မန္တလေး)

 

အကူအညီပေးရန် ဆန်ရောင်းချခြင်း

 

၂၀၀၄ ခုနှစ် မေလဆန်းနေ့တစ်နေ့ ဖြစ်ပါသည်။ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး     (ကုန်သွယ်/ လယ်ယာ) ပြည်ပပို့ကုန်ဌာနတွင် ဒုတိယအထွေထွေမန်နေဂျာ တာဝန်ထမ်းဆောင်နေသော ကျွန်တော့်အား ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးမင်းလှအောင်က အရေးကြီးကိစ္စရှိ၍ သူနှင့်အတူ ဝန်ကြီးရုံးသို့လိုက်ပါရန် ညွှန်ကြားပါသည်။ ဝန်ကြီးရုံးသို့ ရောက်ရှိချိန်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ဝန်ကြီးဗိုလ်မှူးချုပ်ပြည့်စုံထံသို့ ဝင်ရောက်သတင်းပို့ပြီး ကျွန်တော်က ဝန်ကြီးရုံးခန်းပြင်ပမှ စောင့်နေခဲ့ပါသည်။ ခဏအကြာတွင် ဦးဆောင် ညွှန်ကြားရေးမှူး ပြန်လည်ထွက်ခွာလာပြီး ကျွန်တော်နှင့်အတူ ရုံးသို့ပြန်လာကြပါသည်။ အပြန်လမ်းကားပေါ်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ကျွန်တော့်အား ဂမ်ဘီယာဆိုတဲ့ နိုင်ငံကို သိသလားဟု မေးပါသည်။ ကျွန်တော်က ဂမ်ဘီယာဆိုသည့်နိုင်ငံကို မကြားဖူးပါ။ သို့ဖြစ်၍ အာဖရိကနိုင်ငံတစ်ခုခု ဖြစ်မည်ထင်သည်ဟုသာ ဖြေကြား လိုက်ပါသည်။

 

ကျွန်တော့်အဖြေကို နားထောင်အပြီးတွင် ဦးဆောင်ညွှန်ကြားရေးမှူးက “ဂမ်ဘီယာနိုင်ငံက လူကြီးတစ်ယောက် ဒို့နိုင်ငံရောက်နေတယ်။ ဒို့လူကြီးတွေနဲ့ တွေ့ဆုံပြီး သူတို့နိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်နေလို့ အကူအညီတောင်းလို့ ဒို့ကဆန်ရောင်းပေးရမယ်။ သင်္ဘောအမြန်တင်နိုင်အောင် မင်းကအထွေထွေမန်နေဂျာနဲ့ အခြားသက်ဆိုင်တဲ့ အထွေထွေမန်နေဂျာတွေ ပူးပေါင်းပြီး ဆောင်ရွက်ပေးရလိမ့်မယ်။ ဒုက္ခရောက်နေတဲ့နိုင်ငံဖြစ်လို့ မင်းတို့က ဆန်ဈေးကို တတ်နိုင်သမျှ လျှော့ရောင်းပေးဖို့ စီစဉ်ပေးပါ” ဟု ညွှန်ကြားပါသည်။ ရုံးပြန်ရောက်ပြီးချိန်တွင် ဦးဆောင် ညွှန်ကြားရေးမှူးက အထွေထွေ မန်နေဂျာများကိုခေါ်ယူ၍ ဂမ်ဘီယာသို့ ဆန်တင်ပို့ရေးကိစ္စ အသေးစိတ်မှာကြားပါသည်။

 

ဦးဆောင်ညွှန်ကြားရေးမှူး မှာကြားသည်များထဲမှ ကျွန်တော်မှတ်မိသည်မှာ “ဂမ်ဘီယာနိုင်ငံတွင် စားနပ်ရိက္ခာ ပြဿနာ ပေါ်နေ၍ မိမိတို့က တတ်နိုင်သမျှ ကူညီပေးရမည်၊ ဈေးနှုန်းကိုလည်း အခြားနိုင်ငံများကို ရောင်းသည့်ဈေးနှုန်းထက် လျှော့ချပေးရမည်၊ ဆန်အရည်အသွေးကိုလည်း ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ထဲမှ ကောင်းသည့်ဆန်ကို ရွေး၍ တင်ပို့ပေးရမည်၊ လူသားချင်း စာနာစိတ်ဖြင့် စေတနာထား၍ ဆောင်ရွက်ပေးရမည်” စသည့်အချက်များဖြစ်ပါသည်။ ထိုအချိန်အထိ ဂမ်ဘီယာနိုင်ငံဆိုသည်မှာ မည်သို့သောနိုင်ငံဖြစ်သည်ကို ကျွန်တော် မသိသေးပါ။ သို့ဖြစ်၍ ဂမ်ဘီယာနှင့် ပတ်သက်သည့် အချက်အလက်များကို ရနိုင်သည့် အရင်းအမြစ်များမှ ရှာဖွေ လေ့လာခဲ့ပါသည်။

 

၂၀၀၄ ခုနှစ်က ဂမ်ဘီယာ

 

ဂမ်ဘီယာနိုင်ငံသည် အာဖရိကတိုက် အနောက်ကမ်းရိုးတန်းပေါ်တွင်ရှိသည့် စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်ပါသည်။ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ အစားအစာနှင့် ဝင်ငွေရရှိရေးအတွက် စိုက်ပျိုးရေးကဏ္ဍအပေါ်တွင် အခြေပြု ထားရပါသည်။ နိုင်ငံ၏ GDP တွင် စိုက်ပျိုးရေးကဏ္ဍက ၃၀ ရာခိုင်နှုန်းပါဝင်နေပြီး နိုင်ငံ့ပို့ကုန်၏ ၉၀ ရာခိုင်နှုန်းမှာလည်း စိုက်ပျိုးရေး ထွက်ကုန်များပင် ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်က နိုင်ငံ့လူဦးရေသည် ၁ ဒသမ ၄ သန်းရှိပြီး လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြ၍ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြပါသည်။ လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာတွင် ၁၂၈ ဦးနှုန်းဖြစ်ပြီး အာဖရိကနိုင်ငံများအကြား လူဦးရေသိပ်သည်းမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်နေပါသည်။

 

ဂမ်ဘီယာမြစ်သည် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသော ရေအရင်းအမြစ်တစ်ခုဖြစ်သော်လည်း ပင်လယ်ပြင်မှ ဆားငန်ရေများတိုးဝင်လာမှုကြောင့် ကမ်းခြေဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မသင့်လျော်သည့် အခြေအနေပေါ်ပေါက်နေခဲ့ပါသည်။ နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုကလည်း တက်ချီကျချီ ဖြစ်နေခဲ့ပြီး ယင်းကြောင့်ပင် ဂမ်ဘီယာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်ရုံသာမက ဝင်ငွေနည်း၍ စားနပ်ရိက္ခာ မလုံလောက်သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ရပါသည်။ ပြည်တွင်း စားနပ်ရိက္ခာထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု၏ ၅၀ ရာခိုင်နှုန်းသာရှိပြီး အဓိကအားဖြင့် ဆန်ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုးခန့် ဝယ်ယူတင်သွင်းရလျက် ရှိရာ အဆိုပါအခြေအနေကြောင့် နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကိုလည်း ထိခိုက်လျက်ရှိနေခဲ့ပါသည်။ ဂမ်ဘီယာနိုင်ငံ၏ စားနပ်ရိက္ခာ အဓိကအရင်းအမြစ်မှာ ပြည်တွင်းထုတ်လုပ်မှု၊ ပြည်ပမှ ဝယ်ယူတင်သွင်းမှုနှင့် နိုင်ငံတကာစားနပ်ရိက္ခာ အထောက်အပံ့များပင်ဖြစ်ပါသည်။ နိုင်ငံ၏လူဦးရေ ၄၇ ရာခိုင်နှုန်းမှာ ဆင်းရဲမှုကို လည်းကောင်း၊ ၃၀ ရာခိုင်နှုန်းမှာ အလွန် အမင်းဆင်းရဲမှုကိုလည်းကောင်း ခံစားနေရပြီး စားနပ်ရိက္ခာမဖူလုံမှုက ကြီးစွာသော စိန်ခေါ်မှုတစ်ရပ်ဖြစ်နေခဲ့ပါသည်။

 

ဂမ်ဘီယာနှင့် ဆန်ရောင်းစာချုပ်ချုပ်ဆိုခြင်း

 

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးအနေဖြင့်လည်း ၂၀၀၃ ခုနှစ်က ပေါ်ပေါက်လာခဲ့သည့် “ဆန်စပါး မူဝါဒသစ်”အရ ယခင်နှစ်များကဲ့သို့ စပါးဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်းမပြုတော့သဖြင့် ဌာန၏လက်ကျန်ဆန် များမှာ ဆန်ဟောင်းများသာဖြစ်နေပြီး အများစုမှာ ဆန်ဝါ ၇ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်နေသည့်ဆန်များ သာဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စံချိန်စံညွှန်းအရ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တွင် ဆန်ဝါပါဝင်မှုကို နှစ်ရာခိုင်နှုန်းသာ ခွင့်ပြုသဖြင့် ဂမ်ဘီယာသို့ ဆန်ကောင်းတင်ပို့ရေးမှာ များစွာအခက်အခဲပေါ်ခဲ့ပါသည်။ သို့ရာတွင် ထိုစဉ်က အထွေထွေ မန်နေဂျာများဖြစ်ကြသည့် ဦးတင်ရွှေ၊ ဦးမောင်မောင်ကြည်နှင့် ဦးမျိုးဦးတို့၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဂမ်ဘီယာနိုင်ငံက ဝယ်ယူတင်သွင်းလိုသည့် ဆန်တန်ချိန် သုံးသောင်းပြည့်မီအောင် ကုန်သွယ်/ လယ်ယာဌာနတစ်ခုလုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြပါသည်။ ဆန်ဈေးနှုန်းကိုလည်း ဦးဆောင်ညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ တစ်တန်လျှင် ၁၆၁ ဒသမ ၆၇ ယူရိုဖြင့် ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုစဉ်က ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်ပေါက်ဈေးမှာ ယူရို ၁၈၀ ခန့်ရှိပါသည်။ ဆန်ရောင်းချရာတွင်လည်း အမေရိကန်နိုင်ငံက ပိတ်ဆို့ တားဆီးမှုများကြောင့် အမေရိကန်ဒေါ်လာဖြင့် ရောင်းချရန် အခက်အခဲများစွာ ရှိနေခဲ့သည့်ကာလလည်းဖြစ်ပါသည်။

 

ဂမ်ဘီယာနိုင်ငံမှ ရောက်ရှိနေသည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းချက်အရ ဆန်တန်ချိန်သုံးသောင်းကို သင်္ဘော နှစ်စင်းဖြင့် သယ်ယူမည်ဖြစ်ပြီး သင်္ဘောကို ဂမ်ဘီယာနိုင်ငံက ဆောလျင်စွာစေလွှတ်ပေးလိုသဖြင့် ရောင်းချမည့် ဆန်များကို သင်္ဘောတင်ရန် အဆင်သင့် ဖြစ်သည့်အနေအထားသို့ အမြန်ဆုံး ပြင်ဆင်ပေးရန် စီစဉ်ခဲ့ရပါသည်။ စာချုပ် အရ ရောင်းချပေးသည့် ဆန်တန်ဖိုးမှာ ယူရို ၄ ဒသမ ၈၅ သန်း (၄၈၅၀၁၀၀) ဖြစ်ပါသည်။ ငွေပေးချေမှုနှင့်ပတ်သက်၍ ထိုစဉ်က ကုန်သွယ်/ လယ်ယာ၏ လက်ကျန်ဆန်များကို ပြည်ပသို့ အမြန်တင်ပို့ရောင်းချနိုင်ရေး ဦးတည် ဆောင်ရွက်နေချိန်ဖြစ်ရာ ငွေပေးချေမှုစနစ် (Payment Term) ကို ဝယ်ယူသူက ကြေးနန်းဖြင့် လွှဲပို့သည့်စနစ် (Telegraphic Transfer – TT) ဖြင့် ကြိုတင်ပေးချေစေသည့်စနစ် (Advance Payment) ကို ကျင့်သုံးနေချိန်ဖြစ်သော် လည်း ဂမ်ဘီယာနှင့် ဆန်ရောင်းချရာတွင် ၎င်းတို့ အခက်အခဲမပေါ်ပေါက်စေရေး အတွက် TT Advance Payment စနစ် ကို ကျင့်သုံးခြင်းမပြုဘဲ ကုန်ပစ္စည်း သင်္ဘောတင်ပြီးမှ ငွေပေးချေသည့် ငွေလွှဲစာတမ်းစနစ် (Letter of Credit - LC) ဖြင့် ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

 

ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းမှုများ အပြီးသတ်ဆောင်ရွက်ပြီးနောက် ဆန်ရောင်းစာချုပ်ကို ၂၀၀၄ ခုနှစ် မေလ ၆ ရက်နေ့တွင် ဂမ်ဘီယာ နိုင်ငံအစိုးရ ကုန်သွယ်ရေး၊ စက်မှုနှင့် အလုပ်အကိုင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Mr. Tamsir M. Manga နှင့် ကုန်သွယ်/ လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းလှအောင်တို့က လက်မှတ် ရေးထိုးခဲ့ကြပါသည်။ အသိသက်သေအဖြစ် ဂမ်ဘီယာဘက်မှ Mr. Momodou Lamin Kujabi နှင့် Mr. Yusupha Jawara တို့ကလည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ အထွေထွေမန်နေဂျာ ဦးတင်ရွှေနှင့် ဒုတိယအထွေထွေ မန်နေဂျာ ဦးကျော်ဇောမောင်တို့ကလည်းကောင်း ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ လက်မှတ်ရေးထိုးမှုများ ဆောင်ရွက်ပြီး ချိန်မှစ၍ ကုန်သွယ်/လယ်ယာအနေဖြင့် ဂမ်ဘီယာသို့ ဆန်တင်ပို့ရေးကိစ္စများကို အင်တိုက်အားတိုက် စတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြပါသည်။

 

ဂမ်ဘီယာသို့ ဆန်တင်ပို့ခြင်း

 

စာချုပ်များ ချုပ်ဆိုပြီးစီးပြီးနောက် ရက်အနည်းငယ်အကြာတွင် ဂမ်ဘီယာနိုင်ငံက စေလွှတ်လိုက်သော သင်္ဘော ရောက်ရှိလာသဖြင့် တန် ၁၅၀၀၀ သင်္ဘောတင်ပေးခဲ့ပါသည်။ သို့ရာတွင် ဂမ်ဘီယာနိုင်ငံအနေဖြင့် ကျန်ရှိသည့် တန် ၁၅၀၀၀ ကို အခြားအခက်အခဲများကြောင့် သင်္ဘောတင်နိုင်စွမ်း မရှိတော့သဖြင့် စာချုပ်ပယ်ဖျက်ပေးခဲ့ရပါသည်။ စာချုပ် ပယ်ဖျက်ပေးရသည့်တိုင် ကုန်သွယ်/လယ်ယာအနေဖြင့် ဂမ်ဘီယာနိုင်ငံသားများအတွက် စာနာစိတ်ဖြင့် သင်္ဘောထပ်မံတင်နိုင်သည့် အခြေအနေရောက်ရှိလာလျှင် ပြန်လည်တင်ပို့နိုင်ရေး မိမိတို့၏ လုပ်ငန်းစဉ်များကို ရပ်တန့်ခြင်း မပြုခဲ့ပါ။

 

mdn

 

ဂမ်ဘီယာနိုင်ငံအတွက် စာနာမှု

 

ဂမ်ဘီယာနိုင်ငံသို့ ဆန်ရောင်းစာချုပ်ချုပ်ဆို၍ ဆန်တင်ပို့ခဲ့ရာတွင် နိုင်ငံတော်အစိုးရ အကြီးအကဲများ၏ လမ်းညွှန်မှုအရ စားနပ်ရိက္ခာအခက်အခဲပေါ်နေသည့် နိုင်ငံအပေါ် လူသားချင်းစာနာသည့် အသိစိတ်ဓာတ်ဖြင့် ဖြေလျှော့မှုများစွာ ဆောင်ရွက်ပေးခဲ့ပါသည်။ ကုန်သွယ်/ လယ်ယာ၏ လက်ဝယ်ရှိ နှစ်ဟောင်းလက်ကျန် ဆန်များအနက်မှ စံချိန်စံညွှန်းမီသည့် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်ကို ၎င်းတို့ ဝယ်ယူလို သည့် တန်သုံးသောင်း ရရှိစေရေးအတွက် နိုင်ငံအနှံ့အပြားတွင်ရှိနေသည့် ဆန်လက်ကျန်များထဲမှ အကောင်းဆုံးဆန်များ ရွေးချယ်စုဆောင်းခြင်း၊ စုဆောင်း ရရှိသည့် ဆန်များကို အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် ပြန်လည်ကြိတ်ဖွပ်မှု ဆောင်ရွက်ခြင်း၊ ဆန်ဈေးနှုန်းကိုလည်း အခြားနိုင်ငံများ ရောင်းဈေးထက် လျှော့ချဆောင်ရွက်ပေးခဲ့ခြင်း၊ TT Advance Payment ဖြင့် ငွေပေးချေမှုအစား LC စနစ်ဖြင့် ပေးချေနိုင်ရေးစီစဉ်ပေးခဲ့ခြင်း စသည်တို့မှာ သိသာထင်ရှားသည့် လူသားချင်း စာနာသော စေတနာများပင်ဖြစ်ပါသည်။

 

စာချုပ်အရ သင်္ဘောတင်ကာလကို ၂၀၀၄ ခုနှစ် မေလမှ ဇူလိုင်လအတွင်း သတ်မှတ်ထားခဲ့ပြီး သတ်မှတ်ကာလ အတွင်း သင်္ဘောမတင်နိုင်ပါက ဂမ်ဘီယာနိုင်ငံအနေဖြင့် သက်တမ်းတိုး တစ်လခွင့်ပြုပေးရန်လည်း ထည့်သွင်းချုပ်ဆို ပေးခဲ့ပါသည်။ ထို့အပြင် ထိုစဉ်က ကုန်သွယ်/ လယ်ယာက ကျင့်သုံးသည့် ဆန်ရောင်းစာချုပ် သတ်မှတ်ချက်များ ထဲတွင် “သတ်မှတ်သည့် ကာလအတွင်း သင်္ဘောတင်နိုင်ခြင်းမရှိပါက သင်္ဘောတင်ရန်ကျန်ရှိသည့် ပမာဏအပေါ် ဆန် တစ်တန် ရက်သတ္တတစ်ပတ်လျှင် အမေရိကန်ဒေါ်လာနှစ်ဒေါ်လာနှုန်းဖြင့် သိုလှောင်ထိန်းသိမ်းခပေးဆောင်ရမည်” ဟု ထည့်သွင်း ချုပ်ဆိုထားခဲ့သော်လည်း ဂမ်ဘီယာနိုင်ငံက သင်္ဘောမတင်နိုင်တော့သည့် တန်ချိန် ၁၅၀၀၀ အတွက် လမ်းညွှန်ချက်အရ ကုန်သွယ်/လယ်ယာ အနေဖြင့် ဂမ်ဘီယာနိုင်ငံသို့ သိုလှောင်ထိန်းသိမ်းခ တောင်းခံမှုကိုလည်း ဖြေလျှော့ပေးခဲ့ပါသည်။

 

စေတနာကောင်းသောတိုင်းပြည်

 

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သော ကုန်သွယ်/လယ်ယာအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုကို ပုံမှန်အားဖြင့် စီးပွားရေးဆန်ဆန်သာ ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့တင်ပို့သည့် ကောက်ပဲသီးနှံကို ဈေးအများဆုံးရရှိအောင် ဈေးကွက် နည်းဗျူဟာမျိုးစုံ ကျင့်သုံး၍လည်း ဆောင်ရွက်လေ့ရှိပါသည်။ ဂမ်ဘီယာနိုင်ငံသို့ ဆန်တင်ပို့မှု ဆောင်ရွက်ခဲ့ရာတွင်မူ စီးပွားရေးဆန်ဆန် ဆောင်ရွက်ခြင်းထက် လူသားချင်းစာနာမှုကိုလည်းကောင်း၊ စားနပ်ရိက္ခာအခက်အခဲပေါ်နေသည့် နိုင်ငံငယ်တစ်ခုကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်ဆိုသည့် နိုင်ငံတော်အကြီးအကဲများ၏ စေတနာကို အရင်းခံ၍လည်းကောင်း နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်အပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေးတို့က အားတက်သရော ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

 

မိမိတို့နိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုအခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရ သော်လည်း မြန်မာနိုင်ငံသားများသည် အခက်အခဲပေါ်၍ ဒုက္ခရောက်နေသူများကို အကူအညီပေးရန် မည်သည့်အခါမျှ နှောင့်နှေးမှုမရှိခဲ့သည်ကို ဂမ်ဘီယာနိုင်ငံ သို့ ဆန်ရောင်းချပေးခဲ့သည့် ဖြစ်စဉ်က ထင်ဟပ်ပေါ်လွင်စေလျက် ရှိပါသည်။ မြန်မာပြည်သည် အမှန်ပင် စေတနာကောင်းသော တိုင်းပြည်တစ်ခုဖြစ်ပါသည်။

 

 

ကိုးကား

  • FAO. 2004b. Gambia: TCP/GAM/ 2906 NEPAD-CAADP National Medium- Term Investment Programme