ရာဂီတိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတစ်ဝန်းမှ စေတနာရှင်၊ အလှူရှင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ နေ့စဉ်အဆက်မပြတ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ နေ့စဉ်အဆက်မပြတ် လှူဒါန်းလျက်ရှိရာတွင် စက်တင်ဘာလ ၂၁ ရက် နေ့က နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပထမအကြိမ်အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အလှူငွေများ လက်ခံခဲ့ရာ ရေဘေးဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စုစုပေါင်းအလှူငွေ ငွေကျပ်သန်းပေါင်း ၃၂၂၃၀ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်) ရရှိခဲ့သည်။ နေပြည်တော်၌ ဒုတိယ အကြိမ် အလှူငွေစုပေါင်းလှူဒါန်းပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ရာ စုစုပေါင်းအလှူငွေ ငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံကျော် လက်ခံရရှိခဲ့သည်။
နေပြည်တော် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးတင်စကားပြောကြားရာတွင် “မိမိတို့ နိုင်ငံသားများအနေဖြင့် လူမှုရေးကိစ္စရပ်များတွင် စေတနာသဒ္ဓါတရားထက်သန်စွာ ဖြင့် လှူဒါန်းလိုသည့် စိတ်ရင်းစေတနာများ၊ အခြေခံစိတ်ဓာတ်ကောင်းများကို ဝမ်းမြောက်ဖွယ်တွေ့ရကြောင်း၊ ကောင်းမွန်ပြီး ဂုဏ်ယူဖွယ်ရာစိတ်ဓာတ်များပင်ဖြစ်ပြီး နိုင်ငံသားတိုင်းအနေဖြင့် ထိုကဲ့သို့စိတ်ရင်းစေတနာ၊ စိတ်ဓာတ် ကောင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာ အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ကို ပြည်သူများကြုံတွေ့ကြရပြီး ဒုက္ခဆင်းရဲကြုံတွေ့နေချိန်တွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်ပေးနေသည့် နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ကယ်ဆယ်ကူညီ လှူဒါန်းပေးခဲ့ကြသော နိုင်ငံသူ နိုင်ငံသား အားလုံးကို နိုင်ငံတော်အစိုးရက အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း အသိပေး စကားပြောကြားခဲ့သည်။ မြန်မာနိုင်ငံသားများသည် ပင်ကိုစိတ်ရင်းအားဖြင့် နိုင်ငံသားအချင်းချင်း ရိုင်းပင်းကူညီစိတ်များရှိကြသည်။ အထူးသဖြင့် သဘာဝဘေး အန္တရာယ်ခံစားရသကဲ့သို့ ပြည်သူများ ဘေးဒုက္ခအခက်အခဲများ ကျရောက်ချိန်တွင် လူမျိုး၊ ဘာသာ၊ ခံယူချက်များ မခွဲခြားဘဲ အားလုံးအပေါ်တွင် လူသားတစ်ဦးအနေဖြင့် ရှုမြင်ကာ တစ်သွေးတစ်သားတည်း မွန်မြတ်သောစိတ်ထား ထားရှိပြီး ကူညီလှူဒါန်း ခဲ့ကြသည်မှာ ဂုဏ်ယူစရာဖြစ်သည်။
အလှူရှင်များ၏ သန့်ရှင်းသောစိတ်ဖြင့် လှူဒါန်းခဲ့သည့် လှူဒါန်းမှုအစုစုတို့ကို အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိနိုင်ရေး နိုင်ငံတော်အနေဖြင့် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည်။ အရောင်အသွေး ကင်းရှင်းစွာဖြင့် လှူဒါန်းလာသည့် ပြည်ပမှ လှူဒါန်းမှုများကိုလည်း စနစ်တကျ လက်ခံဆောင်ရွက်ပေးလျက် ရှိသည်။ နိုင်ငံတော်အစိုးရက ရေဘေးဒဏ်ကျရောက်ခဲ့ရသည့် ကျောင်းများအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကလေးငယ်များ၏ ပညာရေး နောက်ကျမှုမရှိ စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ စေတနာရှင် အလှူရှင်များအနေဖြင့် ရေဘေးဒဏ်ခံရသည့်ဒေသနှင့် ပြည်သူများ ပြန်လည်ထူထောင်ရေး သာမက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံသူ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုသည်။ နိုင်ငံပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်တည်း ဆောင်ရွက်၍မရနိုင်ဘဲ အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်မှသာလျှင် နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့ပြီး ဒုက္ခအခက်အခဲများ ကြုံတွေ့ချိန်တွင် ဖြူစင်သန့်ရှင်းသော စေတနာသဒ္ဓါတရားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါသော စေတနာရှင်များ၊ အလှူရှင်များအားလုံးကို ဂုဏ်ပြုကျေးဇူးတင်ရမည်ဖြစ်သည်။ ရှေ့ဆက်၍လည်း တိုင်းပြည်အတွက် လိုအပ်ချက်များရှိလာသည့်အခါတွင် ကောင်းမြတ်သောစိတ်ထားများဖြင့် ဆက်လက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန်နှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အောင်မြင်ပြီးမြောက်ရေးတွင်လည်း တစ်တပ်တစ်အား ဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ