တောင်ကြီး    ၂၂   မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စေတနာ့ဝန်ထမ်းနည်းပြများ (TOT)ဆင့်ပွားသင်တန်း ဖွင့်ပွဲကို မေ ၂၂ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်ဆောင်ရွက်နေသူများ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်အကူအညီပေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ ဝန်ကြီးချုပ်များက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများသည် ဦးဆောင်အဖွဲ့များအဖြစ် တာဝန်ယူဆောင်ရွက်နေခြင်း၊ မိမိတို့က အကူအညီပေးအပ်မည့်သူများအကြား တာဝန်ရှိမှုများ၊ ကျင့်ဝတ်များကို အပြန်အလှန် နားလည်သဘောပေါက်ကာ ထိရောက်အကျိုးရှိစေပြီး စနစ်ကျသော ဝန်ဆောင်မှုများပေးရန် လိုအပ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မည့်သူများသည် Quarantine Center ၏ လုပ်ငန်းစဉ်များတွင် မိမိ၏ ကျွမ်းကျင်မှုအလိုက် ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအား နိုင်ငံတော်က အသိအမှတ်ပြုခြင်းများ ဆောင်ရွက်ပေးခြင်းအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အချက်အလက်များကို သိရှိပြီး ထိရောက်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့သင်တန်းကို အချိန်တို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းမှ ပို့ချသင်ကြားမည့် ဘာသာရပ်များကို ကောင်းစွာသင်ယူသွားကြရန် ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ကလေးအထူးကု ဆရာဝန်ကြီး(ငြိမ်း)၊ ဒေါက်တာသန်းထိုက်နှင့် ဒေါက်တာဇော်လင်းဖေတို့က ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း၊ ရောဂါကာကွယ်ခြင်း နည်းလမ်းများကို ပို့ချ၍ လည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုမှ ပတ်ဝန်းကျင် သန့်ရှင်းရေးအကြောင်း၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော်မှ စိတ်၊ လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှု ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ ရှမ်းပြည်နယ် Unicef ရုံး တာဝန်ခံ ဒေါ်ခင်မိုးအေးမှ ခွဲခြားနှိမ့်ချဆက်ဆံခြင်း (Stigma)၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု (Communication Skill)ဘာသာရပ်များအား အသီးသီးပို့ချခဲ့ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)