စေတုတ္တရာ ၁၂ မတ်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာ အုပ်စု၊ ကျောက်ပုံကျေးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် အချိန်ပြည့်လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျောက်ပုံကျေးရွာ လျှပ်စစ်မီးရရှိရေးကို ယခင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၁၁ ကေဗွီဓါတ်အားလိုင်းနှင့် ၂၀ဝ ကေဗွီအေ ထရန်စဖော်မာတည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာတွင်း ၄၀ဝဗို့ ဓါတ်အားလိုင်းများ သွယ်တန်းနိုင်မှု မရှိခြင်းကြောင့် မီးမရရှိသေးကြောင်း၊ ယခုအခါ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၁၄၅ သိန်း၊ စုစုပေါင်း ၂၄၅ သိန်းဖြင့် ကျန်ရှိသည့် ကျေးရွာတွင်း ၄၀ဝ ဗို့ ဓါတ်အားလိုင်း (၆၉၉၅) ပေ သွယ်တန်းခြင်းလုပ်ငန်းကို မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ် ပြောပြချက်အရ သိရသည်။

 

အဆိုပါ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့်  ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကျောက်ပုံကျေးရွာ မီးရရှိရေးအတွက် ကျေးရွာတွင်း ၄၀ဝ ဗို့ဓါတ်အားလိုင်းသွယ်တန်းထားရှိမှုအခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 

စေတုတ္တရာမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျောက်ပုံကျေးရွာအပါအဝင် ဖအိုင်းအနောက်ကျေးရွာ၊ ဖျင်ကြီးကျေးရွာ၊ တန့်လည်ကျင်းကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၄၀ဝ၊ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအားထည့်ဝင်မှုတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)