စေတုတ္တရာ ၃၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကြောင်သိုက်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူများ၏ ကျွဲ၊ နွား အကောင်ရေ ၂၅၀ ခန့်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ဦးဆောင်၍ ကြောင်သိုက်ကျေးရွာ အုပ်စုအတွင်းရှိ ကြောင်သိုက်ကျေးရွာ၊ ပဇူကျေးရွာ၊ ပန်းချက်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံရသည့် အကြောင်းအရင်း၊ ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများအကြောင်း၊ ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူး အပြောင်းကာလအတွင်း တိရစ္ဆာန်များတွင် ဖြစ်ပေါ်တတ်သည့် ကူးစက်ရောဂါများ အကြောင်းနှင့် ရောဂါလက္ခဏာများ တွေ့ရှိရပါက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ချက်ခြင်းဆက်သွယ် ဆောင်ရွက်နိုင်ရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာများတွင်လည်း ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)