စေတုတ္တရာ ၁၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ခဲပြစ်၊ ကံဇင်း၊ ပေါင်ချောင် စသည့်ကျေးရွာသုံးရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မတ်လပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ခဲပြစ်ကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်း၊ ကံဇင်းကျေးရွာ ကျေးရွာအဝင် ကွန်ကရစ်ခြင်းလုပ်ငန်း၊ ပေါင်ချောင်ကျေးရွာ ကျေးရွာအဝင်လမ်း မြေနီကျောက်စရစ်ခင်းခြင်းနှင့် တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၃၀ဝ၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၆၄ သိန်း စုစုပေါင်း ငွေကျပ် ၂၆၄ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က ပြောပြသည်။
အဆိုပါ ကျေးရွာကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ၎င်းကျေးရွာသုံးရွာရှိ အိမ်ထောင်စု (၁၅၇)၊ လူဦးရေ ၈၂၀ တို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး လူမှုနေမှုဘဝများ မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


