စေတုတ္တရာ ၂၉ မေ
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် တန့်လည်ကျင်းကျေးရွာတွင် ဒေသခံပြည်သူများ စာပေကဏ္ဍဖွံ့ဖြိုး စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေများဖြင့် ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
တန့်လည်ကျင်းကျေးရွာသည် အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၁၆၉ ဦး နေထိုင်လျက်ရှိကြောင်း ယခုဆောင်ရွက်သည့် ကျေးရွာစာကြည့်တိုက်တည်ဆောက်ခြင်းလုပ်ငန်းကို စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး (VDP)စီမံကိန်းမှ ငွေကျပ် ၁၀ သန်း ပံ့ပိုးပေးခဲ့ပြီး ကျေးရွာပြည်သူ လူထုမှ ထည့်ဝင်ငွေကျပ် ၁ ဒသမ ၈ သန်းနှင့် လွှတ်တော်ရန်ပုံငွေ ၂ သန်း စုစုပေါင်းငွေကျပ် ၁၃ ဒသမ ၈ သန်းဖြင့် အလျား ပေ ၃၀ ၊ အကျယ် ၂၄ ပေ၊ အမြင့် ၁၂ ပေရှိ စာကြည့်တိုက်အဖြစ် လုပ်ငန်းအရည် အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများက မတ်လ ၁၀ ရက်နေ့မှ စတင်၍ တည်ဆောက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က ပြောပြသည်။
စေတုတ္တရာမြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တန့်လည်ကျင်း ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၄ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့် မီးလင်းရေးလုပ်ငန်း ၁ ခု၊ စာကြည့်တိုက် ၁ ခု၊ KG ကျောင်းဆောင် ၁ ခု နှင့် စုရပ်ဆောင် ၁ ခု စုစုပေါင်း လုပ်ငန်း ၄ ခုတို့အား ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူများထည့်ဝင်ငွေ စုစုပေါင်းငွေကျပ် ၁၅၀ ဒသမ ၃ သန်းကျော်ဖြင့် မတ်လ ဒုတိယပတ်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်" ဟု စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ် က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


