စေတုတ္တရာ ဧပြီ  ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စေတုတ္တရာ မြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ၌ ရေရရှိရေးလုပ်ငန်း ခြောက်ခုကို ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၆၂ ဒသမ ၃၁၅ သန်း အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

စေတုတ္တရာမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဇီးဖြူကုန်းကျေးရွာ၌ ပေ ၄၀ လက်တူးတွင်းတူးဖော်ခြင်း၊ ပေ ၃၅၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း အင်ဂျင်ပန့် တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ မကြီးစုကျေးရွာ၌ ပေ ၄၀ လက်တူးတွင်း တူးဖော်ခြင်း၊ ပေ ၁၅၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အင်ဂျင်ပန့်တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ကုန်းတရားကျေးရွာ၌ ပေ ၄၀ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းတို့အား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၂ ဒသမ ၆၁၅ သန်းဖြင့်လည်းကောင်း၊ ခွေးမလောင်ကျေးရွာ၌ ပေ ၁၅၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ လုံးပေါကျေးရွာ၌ ပေ ၃၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အင်ဂျင်ပန့် တပ်ဆင်ခြင်း၊ ခြင်ပစ်ကိုင်းကျေးရွာ၌ ပေ ၅၀၀၀ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းတို့အား တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၂၉ ဒသမ ၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။

စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ၌ ရေရရှိရေးလုပ်ငန်းခြောက်ခု ဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိ အိမ်ခြေ ၅၀၄ အိမ်၊ လူဦးရေ ၂၂၈၂ ဦးအတွက် သောက်သုံးရေဖူလုံစွာ အကျိုးပြုမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(ကျေးလက်)