စေတုတ္တရာ  ၅   မေ

 

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာနှစ်၌ ကျေးရွာ ၂ ရွာတွင် မြစိမ်းရောင်စီမံကိန်း (၂)ယူနစ်အား ထပ်မံအကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်အတွင်းတွင် ကျေးရွာပေါင်း ၁၁၃ ရွာရှိပြီး ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း ၁၇ ရွာတွင် မြစိမ်းရောင် စီမံကိန်း (၁၇)ယူနစ်အား အကောင်အထည်ဖော်ခဲ့ရာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာ  ၂ ရွာ၌ မြစိမ်းရောင်စီမံကိန်း (၂)ယူနစ်ကို ထပ်တိုးဆောင်ရွက်လျက်ရှိသည်။

 

မြစိမ်းရောင်စီမံကိန်း တစ်ယူနစ်လျှင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သန်း(၃၀)ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မတည်ပေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်သွယ်ရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများတွင် ချေးငွေရယူ ဆောင်ရွက်နိုင်ကာ အတိုးနှုန်း  ၅၀ မှ တစ်ကျပ်ခွဲကြားကို ထည့်ဝင်၍ စီမံကိန်း သက်တမ်း (၃)နှစ်ပြည့်သည့်အခါ အတိုးရငွေ သိန်း(၁၀၀)ကျော်၏ ၅၀ ရာခိုင်နှုန်းအား ကျေးရွာ၏ လိုအပ်ချက်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း သုံးစွဲနိုင်ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း ၁၉ ရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၀၈၁ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ  ၇၁၇ ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၂၅ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၉၃ ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၃၈ ဦး စုစုပေါင်း ၁၉၅၄ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၇၄၇ ဒသမ ၆၅ သန်းကျော်အား ထုတ်ချေးထားကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ် က ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)