စေတုတ္တရာ ၂၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနေချင်းတိုင်းရင်းသားများ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးတွေ့ဆုံနိုင်စေရန်၊ မိမိတို့အခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်စေရန် ရည်ရွယ်၍ ဒေသခံ ဌာနေချင်းတိုင်းရင်းသားများ တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီ ၂၈ ရက် နံနက်(၉)နာရီက မြို့နယ်ဓမ္မာစကူးလ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရှိုင်းမြမြခက်မှ တိုင်းရင်းသားစာပေရေးရာ ကိစ္စများအတွက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသားကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဖြူခိုင်မှ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာများကိုလည်ကောင်း အသိပညာပေး ပြောကြားခဲ့ကြသည်။ ဆက်လက်၍ မရင်းချင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးတင်မင်းလှိုင်မှ မရင်းချင်းစာပေနှင့် ယဉ်ကျေးမူကိစ္စများကိုလည်းကောင်း၊ မင်းကျချင်းစာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်အတွက် မင်းကျချင်း တိုင်းရင်းသားတစ်ဦးမှလည်းကောင်း၊ ချင်းပုံချင်းစာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်အတွက် ချင်းပုံချင်းတိုင်းရင်းသား တစ်ဦးဖြစ်သည့် ဦးမှတ်ကြီးမှလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားကို မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး၊ တိုင်းရင်းသားကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးမှုး ဒေါ်ရှိုင်းမြမြခက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံချင်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)