စေတုတ္တရာ ၁၈ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ စေတုတ္တရာမြို့နယ်အတွင်း ကော်ဖီစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး သက္ကယ်တောင်ကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာများမှ ကော်ဖီစိုက်တောင်သူများအား သက္ကယ်တောင်လမ်းခွဲအနီး ဦးမောင်မြင့် စိန်တလုံးသရက်ခြံ၌ ယမန်နေ့ညနေ (၃)နာရီအချိန်က ကွင်းဆင်း အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ပြီး စီးပွားရေးအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေးနည်းပညာပေးခြင်းများအား အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စေတုတ္တရာမြို့နယ်ရှိ သက္ကယ်တောင်ကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာများရှိ ကော်ဖီစိုက် တောင်သူများအား ကော်ဖီစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်ဦးဆောင်၍ မင်းဘူးခရိုင်ဦးစီးမှူး ဒေါ်နီလာမော်၊ စေတုတ္တရာမြို့နယ်ဦးစီးမှူး ဦးမြစံနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလဖြစ်သည့်အတွက် ကော်ဖီစိုက်တောင်သူများအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အုပ်စုခွဲ၍တွေ့ဆုံပြီး ကော်ဖီစိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးပြောကြားခဲ့သည်။
စေတုတ္တရာမြို့နယ်ရှိ သက္ကယ်တောင်ကျေးရွာနှင့်သက္ကယ်ကျင်းကျေးရွာများတွင် ကော်ဖီစိုက်တောင်သူ (၃၆)ဦးခန့်ရှိပြီး လက်ရှိတွင် ကော်ဖီစိုက်ဧကပေါင်း(၁၅၆)ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကော်ဖီစိုက်ပျိုးခြင်းဖြင့် တောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိရာ ကော်ဖီစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များနှင့် ပျိုးပင်များအားမေလအတွင်း ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းနှင့် ကော်ဖီစိုက်ပျိုးရေးနည်းပညာများအား ဆက်လက်ပညာပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြစံထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


