စေတုတ္တရာ ၁၇ စက်တင်ဘာ 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ မဟာဓါတ်အားလိုင်း ရောက်ရှိနေသည့်နေရာမှစပြီး ၁၀ မိုင်အထက်တွင်ရှိသော ကျေးရွာခြောက်ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မဟာဓါတ်အားလိုင်း ရောက်ရှိနေသည့် နေရာမှစပြီး ၁၀ မိုင်အထက် ကျေးရွာများကို မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း(NEP Off-Grid) ဖြင့် မီးရရှိရေးလုပ်ငန်းများကို တစ်နိုင်လုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စေတုတ္တရာမြို့နယ် အတွင်း ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (NEP) ICB-3 ဖြင့် ကျေးရွာခြောက်ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့မီးရရှိရေး ဆောင်ရွက်ပေးရာတွင် တစ်အိမ်သုံးဆိုလာများမှာ ၆၀ ဝပ်နှင့် ၁၀ဝ ဝပ် ဟူ၍နှစ်မျိုးရှိပြီး မိမိတို့အိမ်များတွင် သုံးစွဲလိုသည့် ဝပ်အလိုက် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်အိမ်သုံး ဆိုလာစနစ် ၆၀ ဝပ် တစ်ချပ်နှင့်ဆက်စပ်ပစ္စည်းများ အပါအဝင် တစ်စုံလျှင် ငါးသောင်းကျပ်၊ ၁၀ဝ ဝပ်အတွက် ကျပ်တစ်သိန်းငါးသောင်းကို ပြည်သူထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရပြီး ကျေးရွာ အိမ်ခြေရဲ့ (၃၀) ရာခိုင်နှုန်းအထက် ဆိုလာစနစ်ကိုတပ်ဆပ် အသုံးပြုပါက အများပြည်သူပိုင်နေရာတွေဖြစ်တဲ့ လမ်းမီး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦများကို အခမဲ့တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ် ကပြောပြသည်။


အဆိုပါတစ်အိမ်သုံးဆိုလာစနစ်ဖြင့်  မီးရရှိရေး ဆောင်ရွက်ပေးမည့် ကျေးရွာခြောက်ရွာမှာ လုံးကြီးအနောက်၊ အပေါ၊ ဒိုင်း၊ နန်ကြူ၊ ညောင်ပင်ကျင်း၊ ပေါင်ချောင်ကျေးရွာများဖြစ်ပြီး အဆိုပါ ကျေးရွာခြောက်ရွာမှာရှိတဲ့ အိမ်ခြေ ၂၁၈ အိမ်အတွက် ဆိုလာ ၆၀ ဝပ် (၁၈၈) ယူနစ်၊ ၁၀ဝ ဝပ် (၃၀) ယူနစ်ကို တပ်ဆင်ပေးမည်ဖြစ်ပြီး၊ မူလတန်းကျောင်း သုံးကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်း တစ်ခု၊ လမ်းမီးတိုင် (၂၄) တိုင်နှင့် ဘာသာရေး အဆောက်အဦ ခြောက်ခုအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား အခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်ဆင်မှုအပိုင်းများကို စက်တင်ဘာလ တတိယအပတ်တွင် စတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စေတုတ္တရာမြို့နယ်အတွင်း တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင်လည်း ငလဲ၊ ခွေးမလောင်၊ ကျောက်မွဲ၊ ပွင့်တောက်၊ အလယ်ဟန်ဒေါက်၊ နတ်ကြီး၊ အာယော၊ ကြီးအုံ၊ မကြီး၊ ချီ စသည့်ကျေးရွာ (၁၀)ရွာ မှာရှိတဲ့ အိမ်ခြေ (၁၀၇၂) အိမ်ကို တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ၆၀ ဝပ်ဆိုလာ (၇၂၁)လုံး၊ ၁၀ဝ ဝပ် ဆိုလာ(၃၅၁)လုံးနှင့် အများပြည်သူပိုင် နေရာများဖြစ်သော အခြေခံပညာ မူလတန်းကျောင်းနှစ်ကျောင်း၊ အလယ်တန်းကျောင်းရှစ်ကျောင်း၊ အထက်တန်းကျောင်း တစ်ကျောင်း၊ ဆေးပေးခန်းလေးခု၊ ဘာသာရေး အဆောက်အဦ(၁၁)ခုနှင့် လမ်းမီးတိုင်(၉၁)တိုင်တို့ကို တပ်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ကျော်ဦး