စေတုတ္တရာ ၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို ယနေ့ နံနက် ၉ နာရီတွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းလှိုင်က ကျောင်းသား ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား အမှတ်တရရှိနေစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းအား အတုယူအားကျနိုင်စေရန်နှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် အ.လ.ကအောက်ပုံကျေးရွာမှ ဆရာမ ဒေါ်နွယ်နွယ်ထွန်းမှ ပန်းချီပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအား အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲအား အ.လ.က အောက်ပုံကျေးရွာမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ(၂၀) ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား မြို့နယ်ဦးစီးမှူးနှင့် ဆရာမများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုမှတ်တမ်းဓာတ်ပုံများ၊ တက္ကသိုလ်ကျောင်းသားဘဝ မှတ်တမ်း ဓာတ်ပုံများနှင့် လွတ်လပ်ရေးကြိုးပမ်းခဲ့မှုမှတ်တမ်းဓာတ်ပုံများ၊ နံရံစာစောင်များနှင့် စာအုပ် စာစောင်များ ပြသထားရှိမှုအား တက်ရောက်လာကြသော ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


