စေတုတ္တရာ ၁၉ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်ရှိ ကျေးရွာ ၄ ရွာက ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေး လုပ်ငန်းများ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
စေတုတ္တရာမြို့နယ်အတွင်း သောက်သုံးရေရရှိရေးအတွက် ကံဇင်းကျေးရွာ၌ အကျယ် ၆ ပေရှိ လက်တူးတွင်း ၁ တွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀ဝ၀ ဆံ အုတ်ရေကန်တည်ဆောက်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် အရှည်ပေ ၉၀ဝ ရှိ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နဘဲတုန်းကျေးရွာ၌ အကျယ် ၆ ပေရှိ လက်တူးတွင်း ၁ တွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀ဝ၀ ဆံ အုတ်ရေကန် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် အရှည်ပေ ၉၀ဝ ရှိ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စင်းချောင်းကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်း အရှည်ပေ ၁၀၅၆၀၊ ရေတားတမံ တည်ဆောက်ခြင်း နှင့် ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက် လျက်ရှိပြီး နတ်ကြီးကျေးရွာ၌ အရှည်ပေ ၉၀ဝ ရှိ စိမ့်စမ်းရေသွယ်ယူခြင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ်သန်း ၆၀ ဖြင့် ဌာနမှ အင်ဂျင်နီယာများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်း၏ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ယင်းကျေးရွာ ၄ ရွာရှိ အိမ်ခြေ ၃၈၀ ၊ လူဦးရေ ၁၆၃၅ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များပါ သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က ပြောပြသည်။
သူရိန်(မင်းဘူး)


