စေတုတ္တရာ၊ ၈ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ဆရာတော်(၁)ပါးသည် သတ်မှတ်ရက်(၁၁)ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ဆရာတော်မှာ နိုဝင်ဘာလ(၂၈)ရက်နေ့မှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ သီးသန့်ဆောင်တွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာကာ သတ်မှတ်ထားသည့် ကာလပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုကာ နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်းနှင့် ဆေးရုံဆင်းလူနာ ဆရာတော်အား အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်တွင် နိုဝင်ဘာလ (၁၉)ရက်နေ့မှစတင်၍ယနေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာ(၂)ဦးစတင်တွေ့ရှိခဲ့ရာ ယခုအခါ နှစ်ဦးစလုံးမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာမရှိတော့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)


