စေတုတ္တရာ၊ ၁၂ ဇန်နဝါရီ         

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်မှု မရှိစေရန် နှင့် အထွက်နှုန်းကောင်းသော စပါးများစိုက်ပျိုးနိုင်စေရန် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) စိုက်ပျိုးဆောင်ရွက်ခဲ့ရာ အထွက်နှုန်းကောင်းမွန်ကာ တောင်သူများ အတွက် အကျိုးဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ထုတ်စိုက်ခင်းတောင်သူများအား မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ အားသာချက်/အားနည်းချက်များအား တောင်သူတစ်ဦးချင်း၏ သဘောထား အမြင်များကို ကွင်းဆင်းကောက်ယူလျက်ရှိကြောင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်းဖြင့် ယခင်စိုက်ပျိုးရာသီများထက် စပါးအထွက်နှုန်းတိုးပွားလာပြီး အမြတ်စွန်းများပိုမိုရရှိလာကာ တောင်သူများ အတွက် အဆင်ပြေလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြစံထံမှ သိရသည်။

စေတုတ္တရာမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအနေဖြင့် မျိုးသန့်မျိုးပွားမျိုးစေ့(RS)အဆင့် ဧရာမင်းစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း(၄၅)ဧက၊ ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း(၄၅)ဧကနှင့် မနောသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧက စိုက်ပျိုးဆောင်ရွက်ခဲ့သည်။

စိုက်ပျိုးထုတ်လုပ်မှုစရိတ် အနေဖြင့် ငွေကျပ် ၁၄၉ သိန်း ၄ သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး  မျိုးစေ့ထုတ်စိုက်ခင်းများ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးနှင့် မျိုးကောင်းမျိုးသန့်များ ထွက်ရှိနိုင်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြစံနှင့် ဝန်ထမ်းများက မျိုးစေ့ထုတ်စိုက်ခင်းများအရောက် မျိုးကွဲနုတ်ပယ်ခြင်းနှင့် ပိုးမွှားကျရောက်မှုများ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စိုက်ခင်းတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

စည်သူလွင်(ပြန်/ဆက်)