စေတုတ္တရာ   ၂၁   မေ      

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူး ဦးထင်အောင် ဦးဆောင်သည့် ဝန်ထမ်းများအဖွဲ့က အမှတ်(၁)ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့်အထောက်အထားများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် နိုင်ငံသား စိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံပြည်သူများကို အထောက်အထားများစိစစ်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ဒေသခံပြည်သူများအား မေလ(၃)ရက်နေ့မှစ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးပေါ်နှင့် ကွင်းဆင်းမှု(၂)ကြိမ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ယနေ့ထိ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ(၁၁)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူ(၂၃)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယခုလမှစတင်ကာ ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူး ဦးထင်အောင်ထံမှ သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)

MDN