ဆားဘီးယားနိုင်ငံ စာသင်ကျောင်း၌ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ကိုးဦးသေဆုံး

မေ ၄

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တော်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယမန်နေ့က အသက် ၁၃ နှစ်အရွယ် လူငယ်လေးတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကျောင်းသားရှစ်ဦးအပါအဝင် လူကိုးဦးသေဆုံးခဲ့သည်။

အဆိုပါပစ်ခတ်မှုသည် မနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသေနတ်သမားသည် စာသင်ခန်းနှင့်အခြားနေရာများသို့ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ၎င်းပစ်ခတ်မှုကြောင့် လုံခြုံရေးအစောင့်တစ်ဦးလည်း သေဆုံးသွားခဲ့သည်။

ဆရာတစ်ဦးနှင့် အခြားကျောင်းသားခြောက်ဦးတို့လည်း ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အားဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ထိုသေနတ်သမားက ရဲတပ်ဖွဲ့အား ၎င်းကိုယ်တိုင် ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့က ၎င်းအား ကျောင်းဝင်းအတွင်းမှာပင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါပစ်ခတ်မှုတွင် အသုံးပြုသည့်သေနတ်သည် ၎င်း၏ဖခင်ပိုင်ဆိုင်သောသေနတ်ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့က ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ပြင်သစ်သတင်းအေဂျင်စီ အေအက်ဖ်ပီက ဆားဘီးယားနိုင်ငံ စာသင်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားခြင်းသည် ရှားပါးသောဖြစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို