ရေတာရှည် ၃၀  ဇူလိုင် 
       

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စုရှိ ဆွာချောင်းဆည်တမံထပ်မံကျိုး ပေါက်မှုဖြစ်ပွားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် မမှန်သတင်းများဖြန့်ဝေလျက်ရှိခြင်းကြောင့် ဒေသတွင်း နေထိုင်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအကြား မမှန်သတင်းဖြစ်ကြောင်းပြောဆိုရှင်း လင်းမှုများရှိနေရာ ယနေ့နံနက်ပိုင်းတွင်  ဆွာဆည်အတွင်းရေဝင်ရောက်မှုနဲပါးကာ ဖောက်ထုတ်ထားသည့် ရေလွှဲမြောင်းနေရာမှာ ရေမှာပုံမှန်အတိုင်းသာ စီးဆင်းနေသည်ကို တွေ့ရှိခဲ့ရသည်။ 


မိုးရာသီကာလအတွင်း ဆွာချောင်းဆည်အတွင်း၌ ရေသိုလှောင်ထားမှုမရှိခြင်း၊ ကျိုးပေါက်သွားသည့် ပင်မရေပိုလွှဲနေရာမှ ရေလွှဲမြောင်းဖောက်လုပ်၍ သမယ်ဆယ်ချောင်းမှတစ်ဆင့် ဆွာချောင်းအတွင်းသို့ သဘာဝအတိုင်း စီးဆင်းနိုင်စေရန် ဆောင်ရွက်ထားမှု၊ ဆွာချောင်းတစ်လျောက်တွင် နေထိုင်ကြသည့် ကျေးရွာများမှ ဒေသခံပြည်သူများ အနေဖြင့် ရေကြီးရေလျံမှုဖြစ်ပွားပါက မြို့နယ်ဌာနပေါင်းစုံပါဝင်သည့်အဖွဲ့ဖြင့် အမြန်ဆုံးတုန့်ပြန်ဆောင် ရွက်နိုင်မည်လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလင်း က ဆွာတမံရှင်းလင်းဆောင်၌ ဇွန် ၂၇ ရက်နေ့ကတည်းက ကြိုတင်ရှင်းလင်းခဲ့ပြီး ဖြစ်သည်။


“ကောလာဟလသတင်းဖြန့်တဲ့လူတွေက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖြန့်နေတာလဲ မသိရပေမယ့် ပြည်သူတွေအကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်တယ်။ သက်ဆိုင်ရာဌာနတွေအနေ့နဲ့ အလုပ်တွေ ရှုပ်ကုန်တာပေါ့။ ထူးခြားမှုတွေဖြစ်လာရင် အမြန်ဆုံးအကြောင်းကြားပေးမှာပါ” ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမင်းနိုင်အောင် က ပြောကြားသည်။ 


ကိုလွင်(ဆွာ)