ရာဘတ် ၂၅ ဖေဖော်ဝါရီ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ဇနီးဖြစ်သူ ဆာဆက်မြို့စားကတော် မီဂန်မာကယ် တို့စုံတွဲသည် ရင်သွေးကလေးမမွေးဖွားမီ တော်ဝင်ခရီးနောက်ဆုံးအကြိမ်အဖြစ် စနေနေ့ညပိုင်းက မော်ရိုကိုနိုင်ငံသို့သွားရောက်ခဲ့သည်။ မင်းသားဟယ်ရီတို့ စုံတွဲသည် ၄င်းတို့၏ ပထမဦးဆုံးကလေးကို နွေဦးတွင် မွေးဖွားမည်ဟု သိရသည်။ မင်းသားဟယ်ရီသည် မီးခိုးရောင်ဖျော့ဖျော့ အင်္ကျီကို ဝတ်ဆင်ထားပြီး မီဂန်မာကယ်ကမူ အနီရောင် အင်္ကျီကို ဝတ်ဆင်ထားသည်။ တော်ဝင်စုံတွဲတို့ ကတ်စ်ဘယ်လန့်စ်လေဆိပ်သို့ ရောက်လျှင်ရောက်ချင်း မော်ရိုကိုနိုင်ငံက ဖော်ရွေစွာကြိုဆိုခဲ့ကြသည်။ တနင်္ဂနွေနေ့ နံနက်ပိုင်း အဲလ်တက်စ်တောင်တန်းရှိ ကျေးရွာတစ်ရွာနှင့်မော်ရိုကိုနိုင်ငံ မြို့တော်သို့ အလည်အပတ်သွားရောက်မည့် ကိုယ်ဝန်ဆောင်ထားရသည့် မီဂန်မာကယ်အတွက်လည်း ဆေးဘက်ဆိုင်ရာထောက်ပံ့မှုများ အပြည့်အဝပြုလုပ်ပေးထားသည်ဟု တရားဝင်သတင်းအရင်းအမြစ်များမှ သိရသည်။
မိန်းကလေးငယ်များအတွက် ပညာရေး၊ အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာရရှိရေးနှင့် မသန်စွမ်းသူများပါ လွှမ်းခြုံပါဝင်နိုင်ရေးအတွက်ရည်ရွယ်ကာ ဟယ်ရီနှင့် မီဂန်မာကယ်တို့သည် မြောက်အာဖရိကနိုင်ငံသို့ ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။ ဟယ်ရီတို့စုံတွဲကို မော်ရိုကိုပြည်သူများက ချစ်ခင်ကြကြောင်း ဗြိတိန်သံအမတ်ကြီး သောမတ်စ် ရီလီကပြောသည်။ အဆိုပါခရီးစဉ်ကို ဗြိတိန်ဘုရင်မကြီး၏ မေတ္တာရပ်ခံမှုကြောင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်ကို ဗြိတိန်မီဒီယာများက စိုးရိမ်မှုများရှိခဲ့သည်။ ဒေးလီးမယ်ရာ သတင်းစာက မော်ရိုကိုနိ်ုင်ငံကို အန္တရာယ်ဇုန်အဖြစ် ရေးသားခဲ့ပြီး မြို့တော် ရာဘတ်ကိုလည်း အဓိကရုဏ်းများနှင့် ပြည့်နေသောနေရာဟု ဖော်ပြခဲ့သည်။ တော်ဝင်စုံတွဲ ခရီးမဆိုက်မီ ဒေသတွင်းသံတမန် သတင်းအရင်းအမြစ်များက မော်ရိုကိုနိုင်ငံသည် မြောက်အာဖရိကတွင် တည်ငြိမ်မှုရှိသည့်နေရာတစ်ခုဟု အခိုင်အမာပြော ဆိုခဲ့ကြသည်။
အေအက်ဖ်ပီ