ရေတာရှည် ၁၀ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝ၊ ကွင်းကြီး၊ ကုန်းကြီးကျေးရွာအုပ်စုများတွင် မိုးရွာ သွန်းမှု နည်းပါးခဲ့သဖြင့် မိုးစပါးအောင်ရေ လိုအပ်လျက်ရှိရာ ဆွာဆည်တမံ DY-1 နှင့် DY-2 ရေပေးမြောင်းများမှတစ်ဆင့် မိုးစပါး ၄၃၅ ဧကအတွက် အောက်တိုဘာ ၄ ရက်နေ့က ရေများစတင်ပေးဝေ လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၆)မှ လက်ထောက်ညွှန် ကြားရေးမှူး ဦးတိုးလင်း ကပြောကြားသည်။
“ဒေသခံ တောင်သူတွေက စပါးခင်းတွေ အောင်ရေလိုအပ်ချက် အခက်အခဲရှိနေပါတယ်လို့ အကူအညီတောင်းခံလာလို့ ကျွန်တော်တို့ဌာနဘက်က အမြန်ဆုံး ဆောင်ရွက်ပေးတာပါ။ ခုတော့ အောင်ရေ အတွက် အဆင်ပြေသွားကြပါပြီ”ဟု ဦးတိုးလင်း မှဆက်လက်ပြောကြား သည်။
တောင်သူများအနေဖြင့် ပြောင်းလဲမှုမြန်ဆန်သည့် ရာသီနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ကြသည့်အခါ အခက်အခဲများစွာဖြင့် အမြဲလိုလိုကြုံတွေ့ရလေ့ရှိရာ ယခုနှစ် မိုးရာသီ၌ စိုက်ပျိုးပြီးသည့် စပါးခင်းများအောင် ရေလိုအပ်ချက်သာဖြည့်ဆည်းဆောင်ရွက်နိုင်ခြင်းမရှိပါက အထွက်နှုန်းကျဆင်းကာ အရှုံးရင်ဆိုင်ရမည်ကို တောင်သူများစိုးရိမ်မှုများရှိနေခြင်းဖြစ်သည်။
“ကျွန်တော်က ၆ ဧကစိုက်ထားတာ အရင်လက တစ်လလုံးလိုလို မိုးမရွာတော့ အောင်ရေအတွက် အတော့်ကိုစိုးရိမ်သွားတယ်။ ကျွန်တော်လိုပဲ အခြားတောင်သူတွေလည်း ကြံရာမရဖြစ်နေကြတာ ဒါနဲ့ ဆည်မြောင်းဦးစီးဌာနကိုအကူအညီတောင်းတော့ အမြန်ဆုံးပဲ ခုလိုရေရရှိအောင် ဆောင်ရွက်ပေးလို့ ကျေးဇူးလဲတင်ပါတယ် ပျော်လည်း အရမ်းပျော်သွားတယ်” ဟု ကွင်းကြီးအုပ်စု၊ တည်ပင်းကွင်းကျေးရွာနေ တောင်သူ ကိုအောင်ထွန်းဦး က လယ်ရေသွင်းနေရင်းနှင့် ပြောပြသည်။
ကိုလွင်(ဆွာ)


