ရေတာရှည်၊ ၄ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ရထားလမ်ဘေးရှိ တံတားကြီးကျေးရွာအနီး ဆွာချောင်းထဲတွင် နစ်မြုပ်လျက်ရှိသော ဒုတိယကမ္ဘာ စစ်လက်ကျန်ရထားကုန်တွဲအား ဆယ်ယူ၍ တံတားကြီးကျေးရွာ အနောက်ဘက်အဝင် ပန်းခြံတည်ဆောက်မည့်နေရာ၌ အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

တံတားကြီးကျေးရွာသည် ဆွာချောင်းဖြတ်တံတားကြီးနှင့် အရှေ့ဘက်ကပ်လျက် တည်ရှိနေခြင်းကြောင့် ဒုတိယကမ္ဘာစစ်ကာလ ဂျပန်တပ်များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာစဉ် မြန်မာနိုင်ငံအထက်ပိုင်းသို့ ဆုတ်ခွာလျက်ရှိသည့် ဗြိတိသျှတပ်များက လေယာဉ်ဖြင့် ဗုံးကြဲဖျက်ဆီးခဲ့ရာတွင် ရထားတွဲများ ချောင်းအတွင်း ပြုတ်ကျကုန်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်းကိုလည်း ဗုံးများကျရောက်ပေါက်ကွဲခဲ့ရာ ဗုံးကျင်းနေရာသုံးခုအထိရှိခဲ့ကြောင်း သိရပြီး လက်ရှိ တံတားကြီးနှစ်ခု၏ အောက်၊ အလယ်၊ ဘေးဝဲယာတို့တွင် တံတားအကျိုးအပျက်အပိုင်းအစ များစွာကျန်ရှိနေဆဲဖြစ်သည်။

 

စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဒီရွာလေးမှာ ပြသထားနိုင်အောင် ဆောင်ရွက်ပေးမယ်။ သမိုင်းတစ်ခုလဲဖြစ်တော့ ပန်းခြံဆောက်မည့် နေရာအပေါ်တွင် အုတ်ခုံလုပ်ပြီး အများပြည်သူ ကြည့်ရှုလေ့လာနိုင်အောင် လုပ်ရမည်ဟု ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးရွာဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ကိုလွင်(ဆွာ)