ဆားလင်းကြီးမြို့နယ် ကျွဲခိုတောကျေးရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူသုံးဦး သေဆုံးခဲ့ပြီး ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော် ဇန်နဝါရီ ၂၂
ဆားလင်းကြီးမြို့နယ် ကျွဲခိုတောကျေးရွာအား ဇန်နဝါရီ ၂၀ ရက်က တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် Khit Thit က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဆားလင်းကြီးမြို့နယ် ကျေးရွာအချို့တွင် PDF အမည်ခံအကြမ်းသမားများမှ လက်နက်အားကိုးဖြင့် အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်၍ ငွေနှင့်ပစ္စည်းများ လုယက်ယူဆောင်ခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံများမှ သတင်းပေးပို့လာသည့်အတွက် မြို့၊ ရွာများ တည်ငြိမ်အေးချမ်းစေရေးအတွက် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကို လုံခြုံရေးအဖွဲ့များမှ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကာ ဇန်နဝါရီ ၂၀ ရက်တွင် ၎င်းကျေးရွာဝန်းကျင်၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အလားတူ ဂန့်ဂေါမြို့နှင့် ဖြူးမြို့နယ်တို့တွင် လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံးဒဏ်ရာ ရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် Khit Thit က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေခဲ့ကြောင်းတွေ့ရှိရပြီး လုပ်ကြံဖန်တီးရေးသားသည့် သတင်းအမှားသာဖြစ်ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် အကြမ်းဖက်လုပ်ရပ်များကို တိုးမြှင့် လုပ်ဆောင်၍ ပြည်သူများအပေါ် အကြောက်တရားနည်းဖြင့် အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံစေရန် သိမ်းသွင်းလုပ်ဆောင်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများမှ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများကို အသုံးပြု၍ လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


