ဆားလင်းကြီး ဇူလိုင် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၁၅ ရွာမှာ ရေခါး၊ ဆားထုံး၊ လက်ပံကျွန်းလေး၊ ကံသာ၊ မယ်ဇလီကန်၊ ကူးတို့ကုန်း၊ အေးကုန်း၊ မင်္ဂလာကုန်း၊ ထနောင်းကုန်း၊ ကျော်ရွာ၊ လက်ခုပ်ပင်၊ သဲတော၊ ကံတွင်း၊ အိုးဘို၊ နှောကူးတို့ ကျေးရွာများဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် စာကြည့်တိုက် ဆောက်လုပ်ခြင်းလုပ်ငန်း ၂ ခု၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၈ ခု၊ ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ၂ ခု၊ ကျေးရွာတွင်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၁ ခု၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း ၂ ခုတို့ကို ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ် ဇွန်လအတွင်းက စတင်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် လုပ်ငန်းများအားလုံး ၆၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းထံမှ သိရသည်။

 

ငြိမ်းသူ