ဆားလင်းကြီး ၁၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်လာစေရန်အတွက် ရည်ရွယ်ကာ ဆားလင်းကြီးမြို့နယ် ငွေသာဆည်နှင့် ဆားလင်းကြီးဆည်တို့တွင် ငါးမျိုးသုံးသိန်း စိုက်ထည့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဆည်များ၌ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါက်တာ ဥမ္မာသက်က ငါးမျိုးများပေးအပ်ရာ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်တို့က လက်ခံရယူခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှ ဌာနဆိုင်ရာများနှင့် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များနှင့် ပြည်သူများက ဆည်အတွင်းသို့ ငါးမျိုးများကို စုပေါင်းစိုက်ထည့် ပေးကြသည်။
ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတတိုးပွားရေးအတွက် မြစ်ချောင်းများ၊ အင်း၊ အိုင်များ၊ ဆည်တမံများ၊ သဘာဝရေပြင်များနှင့် စပါးခင်းများအတွင်း နှစ်စဉ်ငါးမျိုးများ စိုက်ထည့် ပေးလျက်ရှိကြောင်း၊ ငါးသယံဇာတ တိုးပွားရေးနှင့် တရားမဝင် ငါးဖမ်းဆီးမှုမရှိစေရေး အလေးထားကြီး ကြပ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှလည်း ရပ်ရွာအခြေပြု ငါးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးနေကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဥမ္မာသက်ထံမှ သိရသည်။
ငွေသာဆည်နှင့် ဆားလင်းကြီးဆည်အတွင်းသို့ စုပေါင်းငါးမျိုးများ စိုက်ထည့်ရာ ငွေသာဆည် အတွင်းတွင် ငါးမြစ်ချင်း အကောင်ရေ တစ်သိန်းရှစ်သောင်း၊ ငါးခုံးမကြီး နှစ်သောင်းနှင့် ဆားလင်းကြီးဆည်တွင် ငါးမြစ်ချင်းအကောင်ရေ ရှစ်သောင်းနှင့် ငါးခုတ်မကြီး အကောင်ရေနှစ်သောင်း စုစုပေါင်း ငါးအကောင်ရေ သုံးသိန်း စိုက်ထည့်ခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


