ဆားလင်းကြီး စက်တင်ဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ဒုတိယနေ့အဖြစ် စက်တင်ဘာ ၆ရက် နံနက် ၈နာရီအချိန်မှ စတင်၍ သတ်မှတ်စုရပ် နေရာများဖြစ်သည့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမ၊ ဆားလင်းကြီး (အထက)ရှိ ပန်းမြတ်သဇင်ခန်းမ၊ ကျားတက်(အထက)နှင့် အက်စစ်စက်ရုံတို့တွင်  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆားလင်းကြီးမြို့နယ်အတွင်း ဦးစားပေးအုပ်စုများဖြစ်သည့် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်သံဃာတော်များနှင့်သီလရှင်များ၊  နိုင်ငံဝန်ထမ်း နှင့် ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပရဟိတစေတနာ့ ဝန်ထမ်း Volunteerများ၊ Super Marketနှင့် စျေးများမှ ပြည်သူများအား မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ ပထမနေ့တွင် လူဦးရေ ၆၇၀ ကိုထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်  စေတနာ့ဝန်ထမ်း Volunteerများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် ကျန်ရှိနေသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ဥမ္မာခိုင်