ဆွာ ၁ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ အုန်းခြံရပ်ကွက်ရှိ ရတနာ အလင်းရောင် ပရဟိတ မိဘမဲ့ကျောင်းဝန်းအတွင်း၌ ယနေ့ နံနက် ၉ နာရီက အနော်ရထာ နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရတနာအလင်းရောင် ပရဟိတမိဘမဲ့ကျောင်း၊ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကောဝိဒက ကျောင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားကာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုး (စီမံ) ဆရာမကြီး ဒေါ်မေသက်နွယ်က ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်မှ အလှူငွေကျပ် (၁၀) သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ အနော်ရထာ နှစ်ထပ်ကျောင်းဆောင်သစ်သည် အလျားပေ ၂၀၀၊ အနံပေ ၃၀ ရှိ၊ အုတ်ညှပ် နှစ်ထပ်အဆောက်အဦ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှ အလှူရှင်များက ငွေကျပ်သိန်း ၁၃၇၀ ကျော် အကုန်ကျခံဆောက်လုပ်လှူ ဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

ရတနာအလင်းရောင် ပရဟိတ မိဘမဲ့ကျောင်းတွင် အုပ်ချုပ်သူ ဆရာတော် ၇ ပါး၊ ဆရာ/ဆရာမ ၃၄ ဦး၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၁၇ ဦး၊ အဌမတန်း (အပြင်ဖြေ) ၂၀၊ ပဉ္စမတန်းမှ သတ္တမတန်းအထိ (ဘ/က) တွဲဘက် ၆၀၊ KG တန်းမှ စတုတ္ထတန်းအထိ ၁၁၅၊ နို့စို့အရွယ်မှ နို့လွတ်အသက် (၄) နှစ်ထိ ကလေး ၆၅ ဦး၊ အဝေးသင် တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူ (၂၂) ဦး စုစုပေါင်း ၄၄၀ ရှိကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn